1 ပတ် - ဘာသာပြန်ပါ။

တိုက်စစ်မှူး ဟာရီကိန်းကို စာချုပ်သက်တမ်းမတိုးဖို့ ဟာမန်း တိုက်တွန်း

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဟောင်းဖြစ်တဲ့ ဒီယက်မာဟာမန်းက အသင်းအနေနဲ့ တိုက်စစ်မှူး ဟာရီကိန်းကို စာချုပ်သက်တမ်းမတိုးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဟာရီကိန်း(၃၂ နှစ်)ဟာ ဘိုင်ယန်အသင်းမှာ ခြေစွမ်းပြနေပြီး အခုရာသီ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူထားပါတယ်။

၂၀၂၃ နွေရာသီမှာ အသင်းကိုရောက်လာတဲ့ ဟာရီကိန်းအနေနဲ့ ကစားသမားဘ၀ ပထမဆုံးဆုဖလားတွေအဖြစ် ပြီးခဲ့တဲ့လအနည်းငယ်က ဘွန်ဒစ်လီဂါနဲ့ ဂျာမန်စူပါဖလားတွေ ရယူခဲ့ပြီး အသင်းနဲ့အတူ နောက်ထပ်အောင်မြင်မှုတွေရဖို့ မျှော်လင့်နေပါတယ်။

ဟာရီကိန်းရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာဖြစ်တယ်။

''ဒါဟာ(စာချုပ်သက်တမ်းတိုးမှု) ရူးနှမ်းတဲ့လုပ်ရပ် ဖြစ်လိမ့်မယ်။ စာချုပ်သက်တမ်းပြည့်ချိန်မှာ သူက ၃၄ နှစ် ရှိနေပါပြီ။ စာချုပ်သက်တမ်း လ ၂၀ လောက် ကျန်နေသေးလို့ စာချုပ်သက်တမ်း မတိုးသင့်ပါဘူး။ ဒါက ရူးနှမ်းတဲ့ လုပ်ရပ်ပါပဲ''လို့ နယူးကာဆယ်၊ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဟာမန်းက The Sun ကို ပြောခဲ့ပါတယ်။

ဟာရီကိန်းရဲ့စာချုပ်မှာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ပြီးရင် ပေါင် ၅၆.၇ သန်းနဲ့ ထွက်ခွာခွင့်ပေးရမယ့်အချက် စတင်သက်ဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဟာရီကိန်းကတော့ ပရီးမီးယားလိဂ်ကို ပြန်မယ့်သတင်းတွေကို မကြာသေးခင်ကမှ ငြင်းဆန်ထားပါတယ်။

image
image
image