သက်တမ်းရင့် ကုန်းတွင်းရေနံမြေများ၌ လာရောက်ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Energy Administration ၏ အကြီးအကဲဖြစ်သူ၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ် စွမ်းအင်အသွင်ကူးပြောင်းရေး အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သွားရောက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ သွားရောက်ရာတွင် ရေနံသိုက်များ ထိန်းသိမ်းဆောင်ရွက်နေမှု၊ ရေနံတွင်းများအတွင်း ထည့်သွင်းရသည့် ရေအား ပြန်လည်သန့်စင်ခြင်း ဆောင်ရွက်နေမှု၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ရပ်လုံးကို ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းချုပ်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခို-က်မှုမရှိစေရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောက်တိုဘာ(၁၉)ရက်တွင် မြန်မာကိုယ်စားလှယ် အဖွဲ့သည့် Yan Chang ကုမ္ကဏီ တာဝန်ရှိသူများ နှင့် တွေ့ဆုံပြီး သက်တမ်းရင့် ကုန်းတွင်းရေနံမြေများတွင် လာရောက်ရင်းနှီးမြှုပ်နှံ၍ အထွက်တိုးစီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ရေနံတက္ကသိုလ်များ၊ လုပ်ငန်းခွင်များသို့ မိမိတို့၏ ဝန်ထမ်းများ စေလွှတ်၍ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားနိုင်ရန် ပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် နောင်တွင် အဆင့်မြင့်နည်းပညာများ စနစ်တကျ လွှဲပြောင်းရယူပြီး ကိုယ်တိုင်အကောင်ထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောသည်။
ထို့နောက် 3D Seismic တိုင်းတာခြင်းလုပ်ငန်းများတွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာများကို လေ့လာခဲ့ပြီး မြန်မာနိုင်ငံတွင် 2D Seismic သာအသုံးပြုနိုင်သည့်အတွက် 3D Seismic စက်ပစ္စည်းကိရိယာများကို အသုံးပြုလာနိုင်ပါက ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက်အသစ်များရှာဖွေဖော်ထုတ်ခြင်း ခိုအောင်းမှု ပမာဏကို နီးစပ်စွာခန့်မှန်းနိုင်ခြင်း၊ တိကျပြည့်စုံသည့် ဘူမိဗေဒဆိုင်ရာ အချက်အလက်များ ထုတ်ဖော်ပေးနိုင်ခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။