မန်စီးတီးတွင် မြင်တွေ့လိုတဲ့ ကစားသမားဟောင်းကို ပက်ဂွါဒီယိုလာ ဖွင့်ဟလာ
=======================
ပက်ဂွါဒီယိုလာက မန်စီးတီးတွင် ဆက်လက် မြင်တွေ့လိုတဲ့ ကစားသမားဟောင်းတစ်ဦးရဲ့ အမည်ကို ဖွင့်ဟလာပါတယ်။
မန်စီးတီးဟာ အသင်းတွင် ဆက်မကစားလိုတော့တဲ့ ကစားသမားများကို ရောင်းချလာခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။ မန်စီးတီးရောင်းချခဲ့တဲ့သူများတွင် ၂၀၂၀ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ်သို့ ရောင်းချခဲ့တဲ့ လီရွိုင်းဆာနေးက ထိပ်ဆုံးမှ ပါဝင်ပါတယ်။
ဒါပေမယ့် မန်စီးတီးတွင် ဂွါဒီယိုလာ ဆက်လက် မြင်တွေ့လိုတဲ့ ကစားသမားဟောင်းတစ်ဦးက ရှိနေပါတယ်။
ယင်းကစားသမားက ဂျူလီယန်အယ်ဗာရက်ဇ် ဖြစ်ပါတယ်။
ဂျူလီယန်အယ်ဗာရက်ဇ်ဟာ ပရီးမီးယားလိဂ်တွင် ပုံမှန်ကစားခွင့် မရရှိမှုကြောင့် မန်စီးတီးကို စွန့်ခွာပြီး အက်သလက်တီကိုသို့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
သူဟာ မန်စီးတီးတွင် ကစားတဲ့ နောက်ဆုံးပရီးမီးယားလိဂ်ရာသီတွင် ၃၁ ပွဲအထိ ပွဲထွက်ကစားခွင့်ရခဲ့တယ်ဆိုပေမယ့် အာလင်းဟာလန်းနှင့် ကီဗင်ဒီဘရိုင်းတို့ ဒဏ်ရာကြောင့် အနားယူနေရမှုနှင့်အတူ ယင်းအထိ ပွဲထွက်ကစားခွင့်ရခဲ့တာပါ။
ဒါပေမယ့် အယ်လ်ဗာရက်ဇ်ဟာ ယင်းကစားသမား ၂ ဦး ကြံ့ခိုင်မှု ပြည့်ဝလာချိန်တွင် အရန်ခုံသို့ ပြန်အပို့ခံခဲ့ရပါတယ်။ သူဟာ ၂၀၂၃-၂၄ ရာသီတွင် ၁၁ ဂိုးသွင်းပြီး ၉ ကြိမ် ဖန်တီးပေးခဲ့ပြီးနောက် အက်သလက်တီကိုသို့ ပြောင်းသွားခဲ့ပါတယ်။
ဂွါဒီယိုလာက "ဂျူလီယန်ဟာ အာလင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်။ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့အရာပါ။ ဂျူလီယန်အယ်လ်ဗာရက်ဇ်က ထိပ်တန်းကစားသမားပါ။ ဒါကြောင့်လည်း ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲက တစ်ခု ဖြစ်တဲ့ ထိပ်တန်းနည်းပြ၊ ထိပ်တန်းကစားသမားတွေ၊ မယုံနိုင်စရာထိပ်တန်းခြေစွမ်းရှိတဲ့ အက်သလက်တီကိုမှာ ကစားနေရတာပေါ့။ သူ့ကို ဒီမှာ ရှိစေချင်တယ်။ ဒါပေမယ့် ဘာလို့ သူ ထွက်သွားလဲ နားလည်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာရဲ့ လက်အောက်မှာ နေရာမရလို့ ထွက်ခွာသွားတာ အယ်လ်ဗာရက်ဇ်တစ်ဦးတည်း မဟုတ်ပါဘူး။ အေမီရစ်လာပေါ်တေးဟာလည်း ၂၀၂၃ ခုနှစ်တွင် Al Nassr သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက "ဖလားသုံးလုံးရတဲ့နှစ်တုန်းက ကျွန်တော် အရန်ခုံမှာ ထားခဲ့တဲ့ ကစားသမားတွေကို မှတ်မိလား။ အေမီရစ်လာပေါ်တေး တကယ့်ကို ကောင်းမွန်တဲ့ ခံစစ်သမားပါ။ လက်ရွေးစင်အသင်းမှာ ပုံမှန်ကစားနေရတဲ့သူ။ အခုအချိန်မှာ ဂျူလီယန်နဲ့ အခြားသူတွေကို ဒီမှာ ရှိစေချင်တယ်။ ဒါပေမယ့် သူတို့ ပွဲပိုကစားချင်လို့ ထွက်သွားကြတယ်"လို့ ပြောကြားသွားပါတယ်။