အန်ဖီးလ်တွင် နိုင်ပွဲ ရရှိပြီးနောက် အမိုရမ်ရဲ့ နည်းဗျူဟာကို ကာကွယ်ပြောဆိုတဲ့ ဘရူနိုဖာနန်ဒက်စ်
======================
အန်ဖီးလ်ကွင်းတွင် လီဗာပူးအား အရေးပါတဲ့နိုင်ပွဲ ရယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က အပြင်းအထန်ဝေဖန်မှု ကြုံလာရတဲ့ ရူဘင်အမိုရမ်ရဲ့ နည်းဗျူဟာကို ကာကွယ်ပြောဆိုမှု ပြုလုပ်လာပါတယ်။
ယူနိုက်တက်ဟာ လီဗာပူးအား ၂-၁ ဖြင့် အနိုင်ရရှိပြီးနောက် အန်ဖီးလ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတွင် အမိုရမ် စတင်ကိုင်တွယ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်တွင် ၂ ပွဲဆက် နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
အမိုရမ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ယူနိုက်တက်နည်းပြဖြစ်လာပြီးနောက် ဆက်တိုက် ရလဒ်ကောင်း ရယူနိုင်ခြင်း မရှိမှုအတွက် ဖိအားများအောက် ကျရောက်နေခဲ့ပါတယ်။ ယူနိုက်တက်ဟာ အမိုရမ်ရဲ့ ပထမဆုံးရာသီတွင် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်တွင်လည်း အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
အမိုရမ်ဟာ နွေရာသီတွင် ဘရိုင်ယန်အမ်ဘူမို၊ ဘင်ဂျာမင်ဆက်စ်ကို၊ မားသီးယပ်စ်ကန်ညာတို့အား ပေါင်သန်း ၂၀၀ ဝန်းကျင် အသုံးပြုခေါ်ယူထားပေမယ့်လည်း ပရီးမီးယားလိဂ်ပထမဆုံး ၆ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရယူထားနိုင်ပါတယ်။
ဒါပေမယ့် အမိုရမ်ရဲ့ ယူနိုက်တက်ဟာ လီဗာပူးကို အနိုင်ရရှိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ၂ ပွဲဆက် နိုင်ပွဲ ရယူလာနိုင်ခဲ့ပါတယ်။
အမိုရမ်ဟာ ယခုရာသီအစ ရလဒ်ဆိုးရွားမှုကြောင့် ၃-၄-၂-၁ ကစားကွက်အား ခေါင်းမာမာဖြင့် မပြောင်းလဲဘဲ အသုံးပြုမှုအတွက် ဝေဖန်ခြင်းခံလာရပါတယ်။
အန်ဖီးလ်နိုင်ပွဲအပြီးမှာတော့ ဘရူနိုဖာနန်ဒက်စ်က "ကျွန်တော်တို့ပုံစံက အသင်းတိုင်းကို အမြဲတမ်းအခက်တွေ့စေပါတယ်။ ရှုံးပွဲကြုံရချိန်မှာ အသင်းပုံစံနဲ့ပတ်သက်ပြီး ပြောရတာ မသက်မသာဖြစ်ရပါတယ်။ နိုင်ပွဲရချိန်မှာ အသင်းပုံစံနဲ့ပတ်သက်ပြီး ပြောရတာ ကျေနပ်စရာပါ။ ကျွန်တော်တို့အားလုံး ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ဒီစနစ်အပေါ် အမြဲတမ်း ယုံကြည်လာကြတာပါ။ ဒါပေမယ့် အရေးအပါအဆုံးက အချိန်ကောင်း အခါကောင်းမှာ လုပ်သင့်လုပ်ထိုက်တာ လုပ်ဖို့ပါ။ နာကျင်ခဲ့ရတဲ့ အခိုက်အတန့်တွေ ကြုံခဲ့တယ်။ အရေးအကြီးဆုံးက တခုတည်းကိုပဲ ဆက်တိုက် လုပ်နေဖို့ပါ။ နိုင်ပွဲယူဖို့ ပြင်ဆင်ထားမှုအပေါ်မှာ ယုံကြည်ဖို့က အရေးအကြီးပါ"လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က "တကယ်လို့များ ကျွန်တော်တို့ဟာ လာမယ့်အပတ်ပွဲမှာ နိုင်ပွဲ မရယူနိုင်ဘူးဆိုရင် ဘာမှ ဖြစ်လာဦးမှာ မဟုတ်ပါဘူး။ ကလပ်ရဲ့တောင်းဆိုမှု အလွန်မြင့်မားတာ သိပါတယ်။ ပွဲတိုင်း နိုင်ပွဲရရပါမယ်။ နှစ်ပွဲဆက်နိုင်ပွဲရဖို့ အားလုံးစိုးရိမ်နေကြတယ်။ ဒါပေမယ့် လာမယ့်ပွဲကိုပဲ အာရံစိုက်ရမယ်။ ကျွန်တော်တို့ လိုချင်တဲ့အမှတ်ပေးဇယားက နေရာနဲ့ သိပ်မဝေးဘဲ နီးလာလို့ ဒီနေ့နိုင်ပွဲက အရေးပါတဲ့နိုင်ပွဲပါ"လို့ ပြောကြားသွားပါတယ်။