လိုင်ဇာမှာ ဒရုန်းကျလို့ ဈေးသည် တရုတ်လင်မယား ဒဏ်ရာရ

အောက်တိုဘာ ၁၇

ကချင်ပြည်နယ်၊ လိုင်ဇာမှာ အောက်တိုဘာလ ၁၆ ရက်နေ့ည ၁၂ နာရီ ဝန်းကျင်ခန့်က ဒရုန်းကျလို့ ဈေးသည် တရုတ် လင်မယား နှစ်ယောက် ထိမှန် ဒဏ်ရာရကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

“လိုင်ဇာက ကုန်စိမ်းရောင်းတဲ့ ဈေး ဘက်ကျတာ။ ကုန်စိမ်းရောင်းတဲ့ ဈေးသည် တရုတ်လင်မယား နှစ်ယောက် ထိမှန် ဒဏ်ရာရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဈေးသည် လင်မယား ရဲ့ ခေါင်းရင်းနား ကျရောက်ခဲ့တာဖြစ်ပြီး ဒရုန်းကျရောက် ထိမှန်လို့ ဈေးရောင်းပစ္စည်း တချို့နဲ့ ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“လိုင်ဇာဘက် အသေခံ ဒရုန်းနှစ်စင်း ပစ်ခတ်ခံရတာလို့ သိရတယ်။ တစင်းကတော့ ကုန်စိမ်းဈေးမှာကျပြီး တစင်းကတော့ တောဘက် သွားကျတယ်လို့ သိရတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ကလည်း လိုင်ဇာဘက် အသေခံ ဒရုန်းတွေ လာကျတာရှိတယ် လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ဗန်းမော် မြို့မှာ နလအ တပ်ဖွဲ့နဲ့ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားဆဲဖြစ်ပြီး ဒီရက်ပိုင်းအတွင်း နလအ တပ်ဖွဲ့ဘက်က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ရထားတဲ့ နေရာ အနှံ့နီးပါး တပြိုင်ထိုးစစ် ဆင်လာတယ်လို့ သိရကြောင်း ဒေသခံ တယောက်က ပြောပါတယ်။

ဖားကန့် ဒေသမှာလည်း နှစ်ဖက် စစ်ရေးတင်းမာနေပြီး အခု အောက်တိုဘာလထဲ ပူတာအိုခရိုင်အတွင်း နလအ ဘက်က စစ်ရေး လှုပ်ရှားမှု ရှိလာပြီး နှစ်နေရာခန့်မှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ရေးတင်းမာ နေသလို ဝိုင်းမော်ဘက်မှာလည်း မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်ရေးတင်းမာ နေတာဖြစ်ပါတယ်။

image