လူတစ်ယောက်ဟာ ကိုယ်ချစ်တဲ့လူတွေအတွက် ဘယ်လောက်အထိကြိုးစားနိုင်ကြောင်း ပြောကြတဲ့အခါ သက်တော်ရှည် The Simpsons စီးရီးရဲ့ အကောင်းဆုံးအပိုင်းတစ်ပိုင်းကို ထည့်မပြောလို့ မဖြစ်ပါဘူး။ အဖေကြီး Homer ဟာ အကြီးကောင် အကဲစိန်လေး Bart နဲ့ အလတ်မ စာဂျပိုးလေး Lisa တို့ရဲ့ဓာတ်ပုံတွေကို အယ်လ်ဘမ်နဲ့ စနစ်တကျ သိမ်းထားပေမယ့် အငယ်ဆုံးသမီးလေး Maggie ရဲ့ဓာတ်ပုံတွေကိုတော့ အိမ်မှာ လုံးဝမတွေ့ရတာကို တစ်နေ့မှာ ကလေးတွေက သတိထားမိသွားကြပါတယ်။ ဒါဟာ Homer က အငယ်ဆုံးလေးကို မချစ်လို့လို့ ထင်ရင်တော့ အကြီးကြီးမှားသွားပါပြီ။
တကယ်တော့ Homer ဟာ နျူကလီးယားဓာတ်ပေါင်းဖိုက သူ့အလုပ်ကို အရမ်းမုန်းတဲ့သူပါ။ ဒါပေမယ့် Marge နဲ့လက်ထပ်ပြီးနောက် အိမ်ပိုင်လေးရှိဖို့နဲ့ သားသမီး ၂ ယောက်မွေးပြီး တင်ခဲ့တဲ့အကြွေးတွေကြေဖို့အတွက် သူမပျော်တဲ့အလုပ်မှာ သည်းခံပြီး နှစ်ရှည်လများ လုပ်ခဲ့တယ်။ အကြွေးတွေအကုန်ကြေသွားတဲ့တစ်နေ့မှာတော့ Homer ဟာ ချက်ချင်းပဲ သူမျက်မုန်းကျိုးတဲ့သူဌေးကို ခြေစုံကန် အလုပ်ထွက်ခဲ့ပြီး သူတကယ်လုပ်ချင်တဲ့ ဘိုးလင်းရုံမှာ အလုပ်ဝင်လျှောက်ပါရော။ ဖြစ်ချင်တော့ အလုပ်ထွက်တဲ့နေ့တုန်းက Homer နဲ့ Marge တို့ ချစ်ကြည်နူး တစ်တီးတူးခဲ့ရာကနေ Marge မှာ တတိယမြောက်ကိုယ်ဝန်ရှိလာတယ်။ Maggie ဆိုတဲ့အငယ်ဆုံးသမီးလေးကို သူတို့မိသားစုထဲ ခေါ်လာပေးမယ့် ကိုယ်ဝန်ပေါ့။
Maggie လေးမွေးလာချိန်မှာ Homer က သူ့ဝင်ငွေအခြေအနေကို ပြန်တွက်ကြည့်ရတယ်။ သူပျော်လို့ဝင်လုပ်နေတဲ့ ဘိုးလင်းရုံကအလုပ်က သားသမီး ၂ ယောက်အထိ တင့်တောင့်တင့်တယ် ရှာကျွေးနိုင်ပေမယ့် ၃ ယောက်အထိတော့ မလောက်ငနိုင်တော့ဘူး။ လစာတိုးတောင်းကြည့်တော့လည်း အဆင်မပြေတော့ Homer ဟာ မတတ်သာတော့တဲ့အဆုံး သူခြေစုံကန်ခဲ့တဲ့ နျူကလီးယားစက်ရုံကို ဒူးထောက်ခစားပြီး အလုပ်ပြန်ဝင်လုပ်ရရှာတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့အလုပ်ခန်းထဲမှာ သူသိပ်ကြိုက်တဲ့ ဒိုးနပ်တွေပဲရှိနေတာမဟုတ်တော့ဘူး။ သမီးလေး Maggie ရဲ့ဓာတ်ပုံတွေကို နံရံအပြည့်ကပ်ထားတယ်။ “မမေ့နဲ့၊ မင်း ဒီမှာတစ်သက်လုံးလုပ်ရမှာ” လို့ကပ်ထားတဲ့စာပေါ်မှာ သမီးလေးဓာတ်ပုံတွေဖုံးရင်း စာတစ်ကြောင်း ထပ်ပေါ်လာအောင်လည်း လုပ်ခဲ့တယ်။ အဲ့စာကြောင်းက “သမီးလေးအတွက် လုပ်လိုက်ပါ” တဲ့။
Homer ဟာ အလိုက်ကမ်းဆိုးသိပ်မသိတဲ့ ခင်ပွန်းတစ်ယောက် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သားသမီးအပေါ် အရိပ်သုံးပါးနားမလည်တဲ့ အဖေတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လူကြီးဖြစ်ရက်နဲ့ ကလေးဆန်လွန်းပြီး ရှေ့မကြည့် နောက်မကြည့်လုပ်တတ်တဲ့ ဘုကလန့်ဂွစာလူတစ်ယောက်လည်း ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သူဟာ မိသားစုနဲ့ သမီးလေးအတွက် ကိုယ်မပျော်ပိုက်တဲ့လုပ်ငန်းခွင်မှာ တစ်နေ့ကို ၈ နာရီမက သမီးလေးဓာတ်ပုံတွေကြည့်ပြီး အားတင်းကျော်ဖြတ်နေတဲ့လူပဲမဟုတ်လား။ ကျွန်တော်တို့ရော ကိုယ်ချစ်တဲ့လူအတွက် ဘယ်လောက်အထိ ကြိုးစားကြမလဲ။ သူတို့ရဲ့ဓာတ်ပုံလေးတွေက ကျွန်တော်တို့ကို ဘယ်လောက်အထိ အားဖြစ်စေသလဲ။
The Simpsons: And Maggie Makes Three (S6 E13)
#cineamboulevard #collage #feelings #thesimpsons #ho