#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛တရုတ်ထုတ် တိုက်လေယာဉ် ၄၂ စင်း အင်ဒိုနီးရှား ဝယ်ယူမည်
အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံထုတ် ချန်ဒူး ဂျေ-၁၀စီ တိုက်လေယာဉ်၄၂ စင်းထက်မနည်း ဝယ်ယူသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် အနောက်နိုင်ငံမဟုတ်သော နိုင်ငံတစ်နိုင်ငံမှ တိုက်လေယာဉ်များကို ပထမဆုံးဝယ်ယူရန် စီစဉ်ထားခြင်းဖြစ်သည်။ အင်ဒိုနီးရှားစစ်ဘက် ခေတ်မီစေရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ရှာဖရီရှာဆိုဒင်က ပြောသည်။
သဘောတူညီချက်သည် ဒေသတွင်း အကဲဆတ်သည့်ကိစ္စဖြစ်ပြီး ပထဝီနိုင်ငံရေးအရ သက်ရောက်မှုများ ရှိနိုင်ကြောင်း လေ့လာသုံးသပ်သူများကဆိုသည်။ လေယာဉ်များ မကြာမီတွင် ဂျကာတာကို ရောက်မည် ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
ဂျေ-၁၀ တိုက်လေယာဉ်များ ဝယ်ယူရေးအစီအစဉ်ကို ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့်လတွင် ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့သည်။ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ရှိသည့် တရုတ်ထုတ်လေယာဉ်များဝယ်ယူမှုအတွက် ဘတ်ဂျက်ကို အတည်ပြုခဲ့ကြောင်း အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီးက အောက်တိုဘာ ၁၄ ရက်တွင်ပြောသည်။
အင်ဒိုနီးရှားစစ်ဘက်ကို အဆင့်မြှင့်တင်ရန်နှင့် ခေတ်မီစေရန် သမ္မတ ပရာဘိုဝိုဆူဘီယန်တို လက်ထက် တွင် တွန်းအားပေးလုပ်ဆောင်သည်။ဆူဘီယန်တိုသည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် စဉ်၂၀၁၉ ခုနှစ်တွင် တရုတ်၊ ပြင်သစ်၊ ရုရှား၊ တူရကီနှင့် အမေရိကန်သို့ သွားရောက်ပြီးစစ်လက်နက် စနစ် အသစ်များနှင့် ထောက်လှမ်းရေးနှင့် နယ်မြေကာကွယ်ရေးနည်းပညာများ ရယူရန် ကြိုးပမ်းခဲ့သည်။
ကိုးကား-စီအင်န်အေ