9 ပတ် - ဘာသာပြန်ပါ။

ဘောလုံးလောကမှ အပြီးတိုင် ပျောက်ပျက်သွားမယ့် ရင်ဆိုင်နေရတဲ့ ပေါ်တူဂီချန်ပီယံဟောင်း
===================

ပေါ်တူဂီချန်ပီယံဟောင်းဘိုအာဗစ်စတာဟာ နှစ်အတန်ကြာ ဘဏ္ဍာရေး ပြဿနာများနှင့် ရင်ဆိုင်ရပြီးနောက် ကလပ်ကို ဖျက်သိမ်းရမယ့် အရေးနှင့် ရင်ဆိုင်နေရပါတယ်။

ဘိုအာဗစ်စတာဟာ ၂၀၀၁ ခုနှစ်တုန်းက ဒေသတွင်း ပြိုင်ဘက် ပေါ်တိုကို ရမှတ်တစ်မှတ်ဖြင့် ကပ်ပြီး ပေါ်တူဂီချန်ပီယံဖြစ်ကာ ဥရောပဘောလုံးလောကတစ်ခုလုံးကို တုန်လှုပ်အောင် ပြုလုပ်ခဲ့တဲ့ကလပ်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ ဘိုအာဗစ်စတာဟာ ဘဏ္ဍာရေးပြဿနာများကြောင့် ပြိုပျက်ရမယ့်အရေးဆိုက်နေပြီ ဖြစ်ပါတယ်။
ဘိုအာဗစ်စတာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီမီယာလီဂါမှ တန်းဆင်းခဲ့ရပြီးနောက် ဘဏ္ဍာရေးပြဿနာကြောင့် ပဥ္စမတန်းသို့အထိ တန်းချခြင်းခံခဲ့ရပါတယ်။

ယင်းသိ့ တန်းချခြင်းခံခဲ့ရမှုနှင့်အတူ ပေါ်တူဂီဘောလုံးလောကတွင် စတုတ္ထအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ဘိုအာဗစ်စတာဟာ ဒေသတွင်းပြည်နယ်လိဂ်မှာ ကစားနေရပါတယ်။

ဒါပေမယ့် ၎င်းတို့ဟာ လိဂ်ပွဲ ၂ ပွဲဆက် ကစားသမားအလုံအလောက် မှတ်ပုံတင်နိုင်ခြင်း မရှိမှုနှင့်အတူ ဘောလုံးလောကမှ ပျောက်ကွယ်ရမယ့်ကိန်းဆိုက်နေပါတယ်။

ပေါ်တိုဘောလုံးအဖွဲ့ချုပ်ဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ဗန်ကျူရာအက်စ်စီနှင့်ကစားရမယ့် ဘိုအာဗစ်စတာရဲ့ ပွဲကို ဖျက်သိမ်းခဲ့ရပြီးလည်း ဖြစ်ပါတယ်။

ဘိုအာဗစ်စတာဟာ ကလပ်ရဲ့ အာမခံပရိသတ်များနှင့် ဖွဲ့စည်းထားတဲ့ Panteras Negras FC နှင့်ပွဲကိုလည်း ကစားနိုင်ခဲ့ခြင်း မရှိဘဲ ၃-၀ ဂိုးဖြင့် အရှုံးပေးခဲ့ရပြီးလည်း ဖြစ်ပါတယ်။

ဘိုအာဗစ်စတာရဲ့ အဓိကရှယ်ယာများကို အငြင်းပွားဖွယ်ပိုင်ရှင် ဂီရတ်လိုပက်ဇ်က ပိုင်ဆိုင်ထားတာပါ။

လိုပက်ဇ်ပိုင် ဘော်ဒိုးဟာ အကြွေးရှင် ၄၀၀ ကျော်တို့အား အကြွေးမပေးမှုကြောင့် စတုတ္ထတန်းသို့ တန်းချခြင်းခံခဲ့ရပြီး ဖြစ်သလို သူပိုင် ဘယ်လ်ဂျီယံကလပ် Royal Exclesior Mouscron မှာလည်း ၂၀၂၂ ခုနှစ်တုန်းက ဒေဝါလီခံခဲ့ရပြီး ဖြစ်ပါတယ်။
ဘိုအာဗစ်စတာကို ၁၉၀၃ ခုနှစ်တုန်းက ဗြိတိန်လုပ်ငန်းရှင်များနှင့် ပေါ်တူဂီအထည်အလိပ်အလုပ်သမားများက တည်ဆောက်ခဲ့တာ ဖြစ်ပြီး ပေါ်တူဂီရဲ့ သက်တမ်းအရင့်ဆုံးကလပ်များထဲမှ တစ်ခုအဖြစ် ရပ်တည်နေတဲ့ကလပ်ပါ။

၎င်းတို့ဟာ ပေါ်တူဂီရဲ့ ကြီးသုံးကြီးဖြစ်တဲ့ ပေါ်တို၊ ဘင်ဖီကာ၊ စပို့တင်းလစ္စဘွန်းတို့နှင့်အတူ အမှတ်ပေးဖလား ဆွတ်ခူးထားနိုင်တဲ့အသင်းအဖြစ် ရပ်တည်နေတဲ့အသင်း ဖြစ်ပြီး ပေါ်တူဂီရှုံးထွက်ဖလားလည်း ၅ ကြိမ် ဆွတ်ခူးထားပါသေးတယ်။

image