အစိုးရထုတ်ပေးသည့် ဘောက်ချာဖြင့် ရွှေအရောင်းအဝယ် ပြုလုပ်ရမည်
အောက်တိုဘာ ၁၇
ပြည်တွင်းက ရွှေထည်၊ ကျောက်မျက်ရတနာအရောင်းဆိုင်တွေအနေနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းက ထုတ်ပေးတဲ့ ဘောက်ချာနဲ့ အရောင်းအဝယ်ပြုလုပ်ရမယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
ရွှေရောင်း/ဝယ်ပြေစာမှာ ရွှေဆိုင်အမည်၊ ဝယ်ယူသူ (သို့) ရောင်းသူအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ/ ဖုန်းနံပါတ် အစရှိတာတွေကို ဖြည့်သွင်းရမယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေအမျိုးအစား၊ ရွှေဈေးနှုန်း၊ ပစ္စည်းအမှတ်အသား၊ ကျသင့်ငွေ၊ လက်ခ၊ အလျော့တွက်၊ အခွန် စတာတွေကိုလည်း ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။
ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်တွေအနေနဲ့ နေ့စဉ်ရွှေဆိုင်ဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချခြင်း၊ လိုအပ်တဲ့ လိုင်စင်တွေကိုလည်း လျှောက်ထားဆောင်ရွက်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အသိပေးထားပါတယ်။
ဌာနဆိုင်ရာတွေကို လာရောက်စစ်ဆေးတဲ့အခါမှာ ညွှန်ကြားချက်တွေကို လိုက်နာခြင်းမရှိရင် ထိရောက်စွာ အရေးယူခံရမယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့မှာ ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) တစ်အောင်စ အမေရိကန်ဒေါ်လာ ၄၃၆၀ ဈေးရှိနေချိန် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သားဈေး ၅,၉၉၀,၀၀၀ ကျပ် သတ်မှတ်ထုတ်ပြန်ထားပါတယ်။
YGEA ပြင်ပ လေပတ်ကားမှာတော့ စနစ်ဟောင်း ရွှေတစ်ကျပ်သားဈေး ကျပ် ၈၇ သိန်းဝန်းကျင် ရှိနေပြီး ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေသောကြောင့် လက်ဝတ်ရတနာ ရွှေထည်ပစ္စည်းတွေ ပြန်လည်ရောင်းချသူ များလာတယ်လို့ သိရှိရပါတယ်။



