ပျော်ဘွယ်မြို့နယ်မှာ လမ်းအောင်ပွဲကျင်းပချိန် လက်နက်ကိုင်အဖွဲ့က ဝင်ပစ်လို့ ဥက္ကဋ္ဌအပါအဝင် ရှစ်ယောက်သေ

အောက်တိုဘာ ၁၇

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ စံပါယ်ကုန်းကျေးရွာအုပ်စု၊ ပဲ့ကန်ကျေးရွာအနီးမှာအောက်တိုဘာ ၁၆ ရက်နေ့ ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားကာ ကျေးရွာဥက္ကဋ္ဌအပါ ရှစ်ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။
"ဥက္ကဋ္ဌအပါ သေဆုံးသူရှစ်ယောက်နဲ့ အမျိုးသမီး တယောက်ဒဏ်ရာရတယ်သိရတယ်။ " လို့ ပျော်ဘွယ်ဒေသခံနဲ့ အချိတ်ဆက်ရှိသူကပြောပါတယ်။

သေဆုံးသူတွေထဲမှာ ပဲ့ကန်ကျေးရွာဥက္ကဋ္ဌ ဦးရဲမြင့် နဲ့ ဦးမြင့်သိန်း ၊ ကံဆွယ်ရွာက ဦးသိန်းလွင် တို့အပါအဝင် ဒေသခံ ရှစ်ယောက်သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ပဲ့ကန်ရွာသွားလမ်းမကို ရပ်ရွာက ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းပြီးနောက် အောင်ပွဲအထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲကျင်းပနေချိန်မှာ လက်နက်ကိုင်အဖွဲ့တခုက ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ နဲ့ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

" လမ်းအောင်ပွဲလုပ်ကြတာ။ပွဲတောင်မစသေးဘူးဝင်ပစ်ခံရတယ်သိရတယ်။ဒဏ်ရာရသူလည်းရှိတယ်။သေတာကလည်း ပဲ့ကန်ရွာတခုထဲမဟုတ်ပါဘူး။ ပွဲက ပဲ့ကန်ရွာနယ်မြေထဲဆိုပေမယ့် ကံဖြားရွာနဲ့နီးတယ်။ကံဖြားရွာနဲ့နီးတော့ စစ်တပ်က ကံဖြားရွာမှာ လာစစ်ဆေးနေလို့ ရွာသားတွေ ရှောင်နေကြရတယ်။" လို့ ပဲ့ကန်ရွာအနီး ဒေသခံကပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်သွားတယ်ဆိုတာ ယခုအထိမသိရှိရသေးကြောင်း ၊ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကလည်း သတင်းထုတ်ပြန်တာမတွေ့ရှိရသေးပါဘူး။

image