လူဟာ ဒေါသဖြစ်လွန်းရင်လည်း ပျက်စီးတတ်သလို လောဘဖြစ်လွန်းရင်လည်း ပျက်စီးတတ်ပါတယ် ။ လူတွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေကို ခံနေရချိန်မှာ ဒေါသဖြစ်တတ်သလို လူတွေရဲ့ချီးမွမ်းမြှောက်ပင့်မှုကို ခံနေရချိန်မှာ လောဘဖြစ်တတ်ပါတယ် ။ သည်းခံတယ်ဆိုတာဟာ ကိုယ့်ကို ဝေဖန်ကဲ့ရဲ့လို့ရှိရင်လည်း ဒေါသမဖြစ် ၊ ကိုယ့်ကိုချီးမွမ်းလို့ရှိရင်လည်း လောဘမဖြစ် ၊ အောက်ခြေမလွတ်ဘဲ အစွန်းနှစ်ဖက်လွတ်စွာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ နှလုံးသွင်းနေတတ်ခြင်းကို ဆိုလိုပါတယ် ။
ဘဝဆိုတာ ဝင်ငွေတိုးလိုက် ဝင်ငွေလျော့လိုက် ၊ စိတ်ချမ်းသာလိုက် စိတ်ဆင်းရဲလိုက် ၊ အောင်မြင်လိုက် ကျရှုံးလိုက် ၊ ကျန်းမာလိုက် မကျန်းမာလိုက် ၊ အဖော်ရှိလိုက် အထီးကျန်လိုက် ၊ ချီးမွမ်းခံရလိုက် ကဲ့ရဲ့ခံရလိုက် စသဖြင့် နှစ်မျိုးနှစ်ထွေ ကြုံကြိုက်ခံစားနေရတာမျိုးပါ ။ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေဟာ ခေါင်းနဲ့ပန်းလို အလှည့်အပြောင်း ဖြစ်နေပါတယ် ။ ပိုင်ဆိုင်ခြင်း ၊ ဆုံးရှုံးခြင်းတွေဟာ နေ့နဲ့ညလို တစ်လှည့်စီ ဖြစ်တည်နေပါတယ် ။
တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်းတွေဟာလည်း လှိုင်းလုံးတွေသဖွယ် ဖြစ်ပျက်နေပါတယ် ။ ဒီတော့ " တစ်ခါတစ်ရံ သည်းခံနိုင်တယ် ၊ တစ်ခါတစ်ရံ သည်းမခံနိုင်ဘူး ၊ ဒီလူကိုတော့ သည်းခံနိုင်တယ် ၊ ဟိုလူကိုတော့ သည်းမခံနိုင်ဘူး ၊ ကိုယ် ကြိုက်တဲ့သူတွေနဲ့ ကိုယ့်ကို ကြိုက်တဲ့သူတွေအပေါ်တော့ သည်းခံနိုင်တယ် ၊ ကိုယ် မကြိုက်တဲ့သူတွေ နဲ့ ကိုယ့်ကို မကြိုက်တဲ့သူတွေအပေါ်တော့ သည်းမခံနိုင်ဘူး ၊ ကိုယ့်ထက် ရာထူးအားဖြင့် ၊ ဂုဏ်စည်းစိမ်အားဖြင့် မြင့်သူကိုကျ တော့ သည်းခံနိုင်တယ် ၊ ကိုယ့်အောက် ရာထူးအားဖြင့် ဂုဏ်စည်းစိမ်အားဖြင့် နိမ့်ပါးသူကိုကျတော့ သည်းမခံနိုင်ဘူး” လို့ နှစ်ထွေနှစ်စားကွဲပြားနေမယ်ဆိုရင် စိတ်အေးချမ်းနိုင်မှာ မဟုတ်တော့ပါဘူး ။
အချိန်အခါမရွေးလည်း သည်းခံတတ်ဖို့လိုသလို ကိုယ့်ထက်မြင့်သူပဲဖြစ်ဖြစ် ၊ ကိုယ့်အောက်နိမ့်သူပဲဖြစ်ဖြစ် လူတိုင်းအပေါ်မှာ သည်းခံတတ်မှ ၊ သည်းခံနိုင်မှသာ သည်းခံခြင်းမည်မှာ ဖြစ်ပါတယ် ။ ရှင်းလင်းပြောပြဖို့ လိုအပ်တာမျိုး ရှိမယ်ဆိုရင်လည်း ချစ်ခြင်း ၊ မုန်းခြင်းကင်းစွာ မှန်မှန်ကန်ကန် ရှင်းပြတတ်ဖို့ လိုပါတယ် ။ သည်းခံခြင်းဆိုတာ ကိုယ့်အတွက် စိတ်သက်သာအေးချမ်းမှုကို ရွေးချယ်ယူတဲ့အကောင်းဆုံးနည်းလမ်းပါပဲ ။
#စိတ္တသုခ

image