၃ နှစ်အတွင်း အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအမြန်လမ်းကြီး ပြီးမြောက်ရန် အိန္ဒိယမျှော်လင့်
အောက်တိုဘာ ၁၆
လာမယ့် ၂ နှစ်ကနေ ၃ နှစ်အတွင်း အိန္ဒိယ-မြန်မာ-ထိုင်း (IMT) သုံးနိုင်ငံ အဝေးပြေးအမြန်လမ်းမကြီး တည်ဆောက်ရေး စီမံကိန်း ပြီးစီးဖို့ အိန္ဒိယနိုင်ငံက မျှော်လင့်နေကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံအရေးမငြိမ်မသက်မှုတွေကြောင့် စီမံကိန်းနှောင့်နှေးမှုတွေ ကြုံတွေနေရပေမယ့် သတ်မှတ်ကာလအတွင်း အပြီးတည်ဆောက်ဖို့ မျှော်လင့်ထားတဲ့အကြောင်း အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (DoNER) မှ အတွင်းရေးမှူး Chanchal Kumar က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်လာရင် အဝေးပြေးလမ်းက စောစောစီးစီး ပြီးသွားနိုင်တယ်”လို့ ဆိုပါတယ်။
သုံးနိုင်ငံအမြန်လမ်းမကြီးစီမံကိန်းဟာ အိန္ဒိယရဲ့ “အရှေ့အက်ဥပဒေ” မူဝါဒရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အာဆီယံ-အိန္ဒိယ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်အရ ကုန်သွယ်မှုနဲ့ ချိတ်ဆက်အားကောင်းစေဖို့ ရည်ရွယ်ထားတာပါ။
လက်ရှိမှာ အမြန်လမ်းမကြီးရဲ့ တိုးတက်မှုက တိုးမြင့်လာပြီး လက်ရှိမှာ ၁၂၀.၇၄ ကီလိုမီတာ ရှည်လျားတဲ့ ကလေးဝ-ရေကြီးလမ်း၊ ၁၄၉.၇၀ ကီလိုမီတာ ရှည်လျားတဲ့ တမူး-ကျီးကုန်း-ကလေးဝ လမ်းပိုင်းတစ်လျှောက်မှာ တံတား ၆၉ စင်း ဖောက်လုပ်လျက်ရှိပါတယ်။
“မလေးရှားနဲ့ စင်ကာပူတို့ အပါအဝင် အရှေ့တောင်အာရှရဲ့ တောင်ပိုင်းကို ရောက်ချင်ပါတယ်။ ဒါပေမယ့် ပထမဆုံးအနေနဲ့ မြောက်ပိုင်းအပိုင်းကို ပြီးအောင်လုပ်ဖို့လိုပါတယ်”လို့ Mr. Kumar က ပြောပါတယ်။
အချိန်ဇယားနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကတစ်ဆင့် မြန်မာနိုင်ငံအစိုးရနဲ့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ဒါက နိုင်ငံခြားအစိုးရတွေ ပါဝင်တဲ့ နိုင်ငံတကာ စီမံကိန်းတစ်ခုပါ။ ဒါ့ကြောင့် သူတို့ရဲ့ စိုးရိမ်မှုတွေကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်”လို့ DoNER အတွင်းရေးမှူး Chanchal Kumar က ပြောကြားထားပါတယ်။
အိန္ဒိယအစိုးရရဲ့ IMT လမ်းမကြီးက အိန္ဒိယနိုင်ငံ နယူးဒေလီမှ စတင်ပြီး မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ကနေ ဝင်ရောက်ကာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကနေ ဖြတ်သန်းပြီး ထိုင်းနိုင်ငံအတွင်းက လမ်းပိုင်းနဲ့ ချိတ်ဆက်သွားမယ်လို့ သိရပါတယ်။



