မြန်မာနိုင်ငံရှိ အထူးကုဆရာဝန်များအား ရုရှားနိုင်ငံသို့ ပညာသင်စေလွှတ်ရေးနှင့်ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံတာဝန်ရှိသူများဆွေးနွေး
ရန်ကုန် အောက်တိုဘာ ၁၅
မြန်မာနိုင်ငံရှိ အထူးကုဆရာဝန်များအား ရုရှားနိုင်ငံသို့ ပညာသင်စေလွှတ်ရေးနှင့်ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ရုရှား-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများဆွေးနွေးခဲ့ကြောင်းသိရသည်။
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံ ရေးကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev နှင့် ကိုယ်စားလှယ်အဖွဲ့ အား အောက်တိုဘာလ ၁၄ရက်က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်းသိရသည်။
တွေ့ဆုံစဉ် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြားကျန်းမာရေး ကဏ္ဍပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer Center တို့အကြား ၂၀၂၄ ခုနှစ်တွင် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး ကင်ဆာရောဂါကုသမှုဆိုင်ရာ အတွေ့အကြုံများဖလှယ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ စိန့်ပီတာစဘတ်မြို့ရှိ ဆေးဝါးစက်ရုံများမှ ထုတ်လုပ်သည့် ကင်ဆာရောဂါနှင့် ဆီးချိုရောဂါ ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းများ မြန်မာနိုင်ငံသို့တင်သွင်း ရောင်းချလျက်ရှိသည့် ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့အပြင် မြန်မာနိုင်ငံရှိ အထူးကုဆရာဝန်များအား ရုရှားနိုင်ငံသို့ ပညာသင်စေလွှတ်ရေးနှင့် နှစ်နိုင်ငံဆေးဘက်ဆိုင်ရာ တက္ကသိုလ်များအကြား ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များ၊ ကလေး ဦးနှောက်နှင့်အာရုံကြော ရောဂါ ကုသမှုနှင့် ကလေးများတွင် ဖြစ်ပွားတတ်သော ကူးစက် ရောဂါကုသမှုဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သတ်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
Credit - Trend News Journal
#centralnewsnaypyitaw
