#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အာဏာသိမ်းရန်ကြိုးပမ်းမှု ပေါ်ပေါက်နေကြောင်း မဒါဂတ်စကားသမ္မတစွပ်စွဲ
အင်အားဖြင့် နိုင်ငံရေးအာဏာရယူရန် ကြိုးပမ်းမှုတစ်ရပ် ပေါ်ပေါက်နေပြီဖြစ်ကြောင်း မဒါဂတ်စကား သမ္မတရုံးက အောက်တိုဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လူငယ်များ ဦးဆောင်သောအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌မဒါဂတ်စကား လက်နက်ကိုင် တပ်ဖွဲ့ဝင် များ ပိုမိုပူးပေါင်း ပါဝင်လာပြီးနောက် သမ္မတရုံး၏ အထက်ပါသတင်းထုတ်ပြန်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ကတ်ဆက်အမည်ရှိ မဒါဂတ်စကား အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၁ ရက်တွင် ဆန္ဒပြလူငယ်များနှင့် ပူးပေါင်းပါဝင်ခဲ့ပြီး အစိုးရ၏ အမိန့်ကို ငြင်းဆန်ရန်ဘ၀တူတပ်ဖွဲ့ဝင်များအား တိုက်တွန်းခဲ့ကြသည်။
ယင်းအပြင် လက်ရှိအချိန်တွင်မိမိတို့အနေဖြင့် မဒါဂတ်စကားနိုင်ငံ၏လုံခြုံရေးလုပ်ငန်းအားလုံးကို ကွပ်ကဲမှုရယူထားပြီး အန်တာနာနာရီဗို မြို့ပြင်ရှိ စစ်စခန်းများမှ အခြားတပ်ရင်းတပ်ဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကတ်ဆက်အထူးတပ်ဖွဲ့အရာရှိများက အောက်တိုဘာ ၁၂ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
ကတ်ဆက်အထူးတပ်ဖွဲ့သည်၂၀၀၉ ခုနှစ် အာဏာသိမ်းပွဲတွင်လက်ရှိမဒါဂတ်စကားသမ္မတ ရာဂျိုလီနာ အာဏာရရှိရေးအတွက် ကူညီပေးခဲ့သော အထူးတပ်ဖွဲ့ဖြစ်သည်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ ကတ်ဆက်အထူးတပ်ဖွဲ့ဝင်များပိုမိုပါဝင်လာပြီးနောက် အင်အားဖြင့် အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ရပ်ပေါ်ပေါက်နေပြီဖြစ်ကြောင်း သမ္မတရာဂျိုလီနာက စွပ်စွဲထားခြင်း ဖြစ်သည်။
မဒါဂတ်စကားအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် စက်တင်ဘာ၂၅ ရက်တွင် စတင်ခဲ့သည်။
ကိုးကား-အေပီ
