မန္တလေးမှာ ပေါက်ကွဲမှုဖြစ်လို့ တယောက်သေပြီး နှစ်ယောက် ဒဏ်ရာရ
အောက်တိုဘာ ၁၂
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၃ လမ်း ၁၂၄ လမ်းကြား ၅၄ (အေ) လမ်းက နေအိမ်တခုမှာ မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်လို့ တယောက်သေပြီး နှစ်ယောက်က ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
" သံတိုသံစဝယ်တဲ့သူဗျ သူဝယ်ထားတဲ့အထဲမှာ ဗုံးပါမှန်မသိတော့ သံအမှုန့်ထုတ်တဲ့အချိန် ရှူးခနဲမြည်လာတော့ လေထဲကို ပစ်လိုက်တာ သူကတော့ ဘာမှ မဖြစ်ပေမယ့် ကလေးတယောက်သေပြီး နှစ်ယောက်က ဒဏ်ရာရရှိခဲ့တယ် " လို့ ဒေသခံတဦးက VOM ကိုပြောပါတယ်။
ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် အသက် ၃ နှစ်အရွယ် မိန်းက လေးတဦးက နေရာမှာတင် သေဆုံးခဲ့ပြီး အမျိုးသမီးတယောက်ကတော့ ဒဏ်ရာမပြင်းထန်ပေမယ့်လို့ ၅ နှစ်အရွယ် ကောင်လေးတယောက်က ၁၇ ချက် ချုပ်လိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးမှာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က RTAD (Road Transport Office) ရုံးရှေ့ ဗုံးပေါက်မှုတခု၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ၃၈ လမ်းထောင့်မှာ ရှိတဲ့ Yadanarbon Hall အနီးမှာ ဗုံးပေါက်ကွဲမှု တကြိမ်၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလထဲမှာလည်း တရုတ်သံရုံးရှေ့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး