❝မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်) ဝန်းအတွင်းရှိ လမ်းများကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားရန် ယာယီသမ္မတ လမ်းညွှန်မှာကြား❞

အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) ဝန်းအတွင်းရှိ လမ်းများကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားရန်လိုကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက အဆိုပါ အိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ့သားကောင်းအဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)ကို ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ် လမ်းမှ အထောက်အကူပြုသည့် စံပြုအိမ်ရာတစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့သလို အိမ်ရာအတွင်းရေမြောင်းများကို ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် ပိတ်ဆို့မှုများမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

အလားတူ အိမ်ရာအတွက် လိုအပ်သည့် စာသင်ကျောင်းနှင့် ရေ၊ မီး လိုအပ်ချက်များကိုလည်း ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး အိမ်ရာအတွင်းနေထိုင်သည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၏စားရေးကို အထောက်အကူပြုစေရန်အတွက် မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်လိုသလို အရိပ်ရလေကာပင်များကိုလည်း စနစ်တကျဆက်လက်စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်ဟု သိရသည်။ 

 ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယောရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ့သားကောင်းအဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်) အနီး ဘုရင့်နောင်လမ်းနှင့် အမှတ်(၇)လမ်းထောင့်နေရာတွင် တည်ဆောက်လျက်ရှိသည့် Shopping Complex လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ သာကေတမြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကမာရွတ်မြို့နယ် တို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးဝဲယာရှိ ဈေးဆိုင်များစနစ်တကျဖြင့် ရောင်းချနိုင်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန်၊ ရန်ကုန်မြို့အတွင်း ရေစီးရေလာများကောင်းမွန်စေရေးနှင့် ရေထုတ်စနစ်များ ကောင်းမွန် ဆောင်ရွက်သွားရန်၊ Green Zone များအား စနစ်တကျ ဖော်ဆောင်သွားရန်နှင့် လမ်းများအား လမ်းအင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေး ဆောင်ရွက်သွားရန်၊ အဆောက်အဦ များအားသန့်ရှင်းသပ်ရပ် တောက်ပြောင်မှုရှိနေစေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

imageimage
+4