3 w - Translate

😨 ခါးနာပျောက်အောင် ဖားအရှင် (၈) ကောင် မျိုချတဲ့ တရုတ်အမျိုးသမီးကြီး ဆေးရုံရောက်သွားခဲ့
တရုတ်နိုင်ငံမှ အမျိုးသမီးကြီးတစ်ယောက်က ကျောရိုးအဆစ်လွဲမှုကြောင့် ခါးနာတာကို သက်သာပျောက်ကင်းစေရန် ဖားအရှင် (၈) ကောင်ကို မျိုချခဲ့ပြီးနောက် ဆေးရုံရောက်သွားခဲ့ပါတယ်။
ခါးနာတဲ့အခါ လူအများအစုက အကိုက်အခဲပျောက်ဆေးသောက်တာ၊ လိမ်းဆေးလိမ်းတာ ဒါမှမဟုတ် ဆရာဝန်နဲ့ ပြသတာတို့ လုပ်လေ့ရှိပေမဲ့ Zhejiang ပြည်နယ် Hanzhou မြို့မှ အမျိုးသမီးကြီးက ဖားအရှင် မျိုချတာက အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။
ဖားအရှင်တွေကို မျိုချတာက ခါးနာသက်သာစေတယ်လို့ ကောလာဟလတစ်ခု ကြားခဲ့ရပြီးနောက် မျိုးရိုးအမည် Zhang လို့ခေါ်တဲ့ ဒီအမျိုးသမီးကြီးက အလယ်အလတ် အရွယ်အစားရှိ ဖားအရှင်တွေ ဖမ်းပေးဖို့ ဆွေမျိုးအချို့ကို ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဖားတွေနဲ့ ဘာလုပ်မယ်ဆိုတာကိုတော့ သူမက မပြောခဲ့ဘူးလို့ ဆိုပါတယ်။ ဖားအရှင်တွေ ရလာပြီးနောက် Zhang က ပထမတစ်ရက်မှာ (၅) ကောင်ကို မျိုချခဲ့ပြီး နောက်နေ့မှာလည်း နောက်ထပ် (၃) ကောင် ထပ်မျိုချခဲ့ပါတယ်။
ဖားအရှင်တွေ မျိုချပြီး သိပ်မကြာခင်မှာပဲ အမျိုးသမီးကြီးဟာ အပြင်းအထန် ဗိုက်နာလာခဲ့ပါတယ်။ အစပိုင်းမှာ Zhang ဟာ အနည်းငယ် ဗိုက်မကောင်းတာ ခံစားရပါတယ်။ ဒါပေမဲ့ နောက်နေ့တွေမှာတော့ ဗိုက်နာတာက အပြင်းအထန် ဖြစ်လာခဲ့ပါတယ်။
ဗိုက်နာတာကို မခံနိုင်တော့တဲ့အဆုံး Zhang က ဖားအရှင် (၈) ကောင် မျိုချခဲ့ကြောင်း မိသားစုကို ဖွင့်ပြောခဲ့ပါတယ်။ ထို့နောက် သူမကို Zhejian တက္ကသိုလ်ရဲ့ First Affiliated ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။
Zhang ဟာ (၂) ပတ်ကြာ ဆေးရုံတက်ရပြီးနောက် အပြည့်အဝ နေပြန်ကောင်းလာခဲ့ပါတယ်။ ဖားအရှင်တွေကို မျိုချလိုက်တာက လူနာရဲ့ အစာခြေစနစ်ကို ထိခိုက်စေပြီး ကပ်ပါးပိုးတွေက အစာခြေစနစ်ထဲကို ဝင်ရောက်သွားစေတယ်လို့ ဆရာဝန်တစ်ယောက်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် Zhang ဟာ ဖားနဲ့ မြွေ အရှင်တွေကို စားသူတွေ ဒါမှမဟုတ် ထိတွေ့ကိုင်တွယ်သူတွေမှာ တွေ့ရလေ့ရှိတဲ့ Sparganum tapeworm ခေါ် သန်ကောင်ပိုး ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

image