တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ဟိုတယ်အခန်းအားလုံးပြည့်နေတဲ့အပြင် ဘုန်းကြီးကျောင်းပါပြည့်နေ
အောက်တိုဘာ ၁၀
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ဟိုတယ်၊မိုတယ် အခန်းအားလုံးပြည့်နေတဲ့အပြင် ဘုန်းကြီးကျောင်းတွေမှာပါ တည်းခိုမယ့်သူတွေနဲ့ ပြည့်သလောက်ဖြစ်နေတယ်လို့ VOM ကစုံစမ်းသိရှိရပါတယ်။
တန်ဆောင်တိုင်ရုံးပိတ်ရက် ပွဲတော်ကာလမှာ တောင်ကြီးတန်ဆောင်တိုင်ပွဲကို သွားဖို့အတွက် ဟိုတယ်ငှားရမ်းမှုများပြားခဲ့တာကြောင့် တန်ဆောင်တိုင်အတွက် တောင်ကြီးမှာ ဟိုတယ်၊မိုတယ်၊ တည်းခိုခန်းတွေအားလုံးနီးပါး အခန်းလွတ်မရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။
"ဟိုတယ်တွေ အကုန်ပြည့်နေပြီ။ တချို့က တရက်လောက်လွတ်နေတာရှိတယ်။ တရက်တည်းဆိုတော့မပြေဘူး။ တရက်တည်းလွတ်တာကလည်း တခန်းလောက်ဆိုတော့မပြေပြန်ဘူး။"လို့ တောင်ကြီးတန်ဆောင်တိုင်သွားဖို့စီစဥ်နေသူကပြောပါတယ်။
ဒါကြောင့် တန်ဆောင်တိုင်ကာလတောင်ကြီးသွားဖို့စီစဥ်နေသူတွေဟာ ကလော နဲ့ ညောင်ရွှေရှိ ဟိုတယ်တွေမှာ သွားရောက်တည်းခိုဖို့ စီစဥ်ရတဲ့အထိရှိနေတယ်လို့သိရပါတယ်။
" ဟိုတယ်တွေလိုက်ဆက်တာ လပြည့်နေ့ နဲ့ တရက်နေ့က အကုန်အခန်းအပြည့်ပဲ ရက်မရဘူး ။ဘုန်းကြီးကျောင်းစုံစမ်းကြည့်တော့လည်း မပြေဘူး။ အဲဒါနဲ့ညောင်ရွှေမှာပဲ ဟိုတယ်ဘွတ်ကင်ယူလိုက်ရတယ် ။အဲဒီကနေပဲ သွားရတော့မှာပေါ့။" လို့ တောင်ကြီးတန်ဆောင်တိုင်သွားမယ့်သူကပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ဟိုတယ်အခန်းမရရှိတော့တဲ့ ခရီးသွားတွေအတွက် ဒေသခံတွေက ရက်တိုအိမ်လုံးချင်းလိုက် ငှားရမ်းတာ ၊ ဘန်ဂလိုအိမ်တွေငှားရမ်းတာတွေကို ပြုလုပ်ပေးနေကြတယ်လို့သိရပါတယ်။
" အိမ်ငှားတာတွေ ကတော့ရှိတယ်။ အဲဒါက အုပ်စုလိုက်ဆိုအဆင်ပြေတယ်။ နှစ်ယောက်သမားအနည်းစုလောက်ကျမပြေဘူး။"လို့ သူကထပ်ပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ဟိုတယ်အခန်းကြိုတင်ငှားရမ်းမှုတွေက သီတင်းကျွတ်ကာလမတိုင်မီကတည်းက ငှားရမ်းမှုအများအပြားရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"တန်ဆောင်တိုင်ရက် ရှစ်ရက်လုံး အခန်းကအပြည့်ပါဘဲ။ အခန်းလက်ခံတာနဲ့ ပြောပေးဖို့ဆိုပြီး အရင်ထဲက စာရင်းပေးထားသူတွေကများတယ်။ကျွန်တော်တို့ကလည်း လက်ခံတာနဲ့သူတို့ကိုဆက်သွယ်ဦးစားပေးတော့ ခုနောက်ပိုင်းမှ အခန်းငှားတော့ မရကြတာများတယ်။" လို့ တောင်ကြီးဟိုတယ်တခုရဲ့ဝန်ထမ်းကပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်မှာ နှစ်စဥ် ခရီးသွားသူရှိပေမယ့်လည်း ယခုနှစ်ကတော့ သွားရောက်မယ့်သူပိုများပြားလာတဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် ပြည်တွင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကလည်း တောင်ကြီးတန်ဆောင်တိုင်ရက်ကို ရက်တိုခရီးစဥ်တွေ စီစဥ်နေကြပါတယ်။
တန်ဆောင်တိုင်ပွဲတော်ရက်မှာတော့ တောင်ကြီးမှာ ဟိုတယ်အခန်းစျေးနူန်းတွေလည်း ပုံမှန်ကာလထက် မြင့်လေ့ရှိကြောင်း ယခုနှစ်မှာလည်း နှစ်ယောက်ခန်းတခန်းကို ၂ သိန်းကျော်အထိစျေးရှိတယ်လို့သိရပါတယ်။
ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲရိုးရာ မီးပုံးပျံပွဲတော်ကိုတော့ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက် ( တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်) အဝေရာမီးပုံးပျံကွင်းမှာ ရှစ်ရက်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ - Lay Myat /Thi Ha
Credit - Voice of Myanmar News Agency