3 w - Translate

◾️ကိုယ်စားလှယ်လောင်းအတွက် တပ်မတော်မှ ရှစ်ဦးတောင်းသော်လည်း မရဟု ဒေါ်သက်သက်ခိုင်ပြော
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ကိုယ်စားပြု၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အလယ် အလတ်အဆင့်ရှိ တပ်မတော်သားရှစ်ဦးကို တပ်မတော်ထံမှတောင်းသော်လည်း မရခဲ့ကြောင်း ယင်းပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က ယမန်နေ့ (အောက်တိုဘာ ၈ ရက်)က ဆီဒိုနားဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
“ကျွန်မတို့ပါတီကိုဝင်ရောက်ပြီးတော့ ကိုယ်စားလှယ်လောင်းလုပ်ဖို့ တပ်မတော်ကအလယ်အလတ် အဆင့်ရှိသူရှစ်ဦးရှိပါတယ်။ ကာယကံရှင်တွေရဲ့ဆန္ဒလည်းရှိတယ်။ ဒါကြောင့်သူတို့ကို By name နဲ့ တောင်းလိုက်ပါတယ်။ တောင်းလိုက်တော့မပေးပါဘူးရှင်။ ဒါအမှန်အတိုင်းပါပဲ။ သို့သော်လည်းပဲ ကျွန်မတို့ပါတီမှာ တပ်မတော်သားတွေမရှိဘူးလားဆိုတော့ ရှိပါတယ်ရှင့်။ အဲဒါကတော့ တပ်မတော် ကနေ အနားယူပြီးတော့မှ အရပ်သားဖြစ်တာ၊ တပ်မတော်ကနေအနားယူပြီးတော့မှ အစိုးရဌာနတွေမှာ အရပ်ဘက်ဌာနတွေမှာအလုပ်လုပ်ပြီးတော့မှ ပင်စင်ယူပြီး‌တော့မှလာကြတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်” ဟုဒေါ်သက်သက်ခိုင်က ပြောသည်။
ပြည်သူ့ရှေ့ဆောင်ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီဖြစ်ပြီး လက်ရှိကိုယ်စားလှယ်လောင်း ၆၇၂ ဦး စာရင်းတင်သွင်းထားကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - PPP
#ပြည်တွင်းသတင်း

image