3 ပတ် - ဘာသာပြန်ပါ။

၂ ပွဲဆက် အရှုံးနှင့် ကြုံရပြီးနောက် နည်းဗျူဟာအပြောင်းအလဲ ပြုလုပ်ကာ ရက်ဖို့ဒ်အား နေရာသစ်တွင် အသုံးပြုလာမယ့် ဘာစီလိုနာနည်းပြဖလစ်

အောက်တိုဘာ ၁၀

မားကပ်စ်ရက်ဖို့ဒ်ဟာ ဘာစီလိုနာနည်းပြဟန်ဆီဖလစ်မှာ ပီအက်စ်ဂျီ၊ ဆီဗီလာတို့အား ဆက်တိုက် ရှုံးနိမ့်ပြီးနောက် အကြီးအကျယ်ဒေါသထွက်ကာ နည်းဗျူဟာပိုင်း အပြောင်းအလဲ ပြုလုပ်လာမှုနှင့်အတူ ဘာစီလိုနာတွင် နေရာသစ်မှာ ကစားလာရတော့မှာ ဖြစ်ပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာ ရူဘင်အမိုရမ်လက်ထက်တွင် ယူနိုက်တက်မှာ အပယ်ခံပြီးနောက် ဇန်နဝါရီလတုန်းက ဗီလာသို့ အငှားဖြင့် သွားရောက် ကစားခဲ့ရပါတယ်။ ယင်းနောက် သူဟာ နွေရာသီမှာတော့ ဘာစီလိုနာသို့ အငှားဖြင့် ပြောင်းလာခဲ့ပါတယ်။

သူဟာ လအနည်းငယ်အတွင်းတွင် နည်းပြသစ်၊ ကစားသမားဖော်သစ်၊ နေရာသစ်တွေအပါအဝင် အားလုံးအသစ်တွေနှင့်ချည်း ကြုံလာခဲ့ရတာလည်း ဖြစ်ပါတယ်။

ယနေ့တွင် Mundo Deportivo ရဲ့ ဖော်ပြလာမှုအရ ဘာစီလိုနာနည်ပြဟန်ဆီဖလစ်ဟာ နိုင်ငံတကာပွဲကြောင့် လိဂ်နားထားစဉ်အတွင်း ပီအက်စ်ဂျီ၊ ဆီဗီလာပွဲစဉ်တို့အား ပြန်လည် သုံးသပ်ကာ အသင်းရဲ့ အင်တိုက်အားတိုက် မကစားမှု၊ Pressing အားနည်းမှုတို့ကို တွေ့ရှိခဲ့မှုနှင့်အတူ အပြောင်းအလဲ အချို့ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါတယ်။

ဟန်ဆီဖလစ်ဟာ မားကပ်စ်ရက်ဖို့ဒ်ကို တိုက်စစ်မျှားဦးတွင် ကစားစေပြီး ကြီးမားတဲ့ နည်းဗျူဟာအပြောင်းအလဲ ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ ရက်ဖို့ဒ်ကို တိုက်စစ်အထောင်တွင် ကစားစေကာ ရာဖင်ညာကို ဘယ်ခြမ်း၊ လာမိန်းယာမဲလ်အား ညာခြမ်းနှင့် ဖာမင်လိုပက်ဇ်အား ၎င်းတို့ရဲ့နောက်တွင် ကစားလာစေမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ရက်ဖို့ဒ်နှင့် တွဲကစားရမယ့် ကစားသမားများမှာ ဒဏ်ရာပြဿနာများနှင့် ကြုံနေရပြီး ဟန်ဆီဖလစ်ဟာ ယင်းကစားသမားတို့ ကြံ့ခိုင်မှုပြည့်ဝလာချိန်တွင် စနစ်သစ်အား အသုံးပြုလာပါမယ်။

တကယ်တော့ ဟန်ဆီဖလစ်ဟာ မားကပ်စ်ရက်ဖို့ဒ်အား ကျောနံပါတ် ၉ ကစားသမားအဖြစ် အသုံးပြုရန် အစောပိုင်းကတည်းက စီစဉ်ထားခဲ့တာပါ။

ဖလစ်ဟာ တောင်ကိုရီးယားတွင် ကစားတဲ့ ရာသီခြေစမ်းပွဲတွင် ဒေဂူးအက်ဖ်စီအား ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပွဲအပြီးတွင် ရက်ဖို့ဒ်ကို ကျောနံပါတ် ၉ နေရာတွင် အသုံးပြုရန် စီစဉ်ထားကြောင်း ဖွင့်ဟပြောကြားဖူးပါတယ်။

ရက်ဖို့ဒ်ရဲ့အကောင်းဆုံးနေရာမှာ ဘယ်ခြမ်း ဖြစ်ပြီး ကစားသမားဘဝ ဂိုးအများစုကို ဘယ်ခြမ်းမှ ကစားကာ အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ညာခြေဖြင့် သွင်းယူလာခဲ့တာပါ။

Credit - Myanmar Transparency News Agency

#ဘောလုံးသတင်းစုံ

image