အရင်ကတော့ ငှက်ပျောဖူးကို ဟင်းချိုချက်၊ အသုပ်ထဲထည့်၊ ဒါမှမဟုတ် ငရုတ်သီးထောင်းနဲ့ တို့စားဖို့လောက်ပဲ သိခဲ့ကြတာပါ။ ဒါပေမယ့် လူကြီးသူမတွေဆီကနေ ငှက်ပျောဖူးကို မြေဆီလွှာအကျိုးပြုဇီဝရည် ဖြစ်အောင် စိမ်ပြီးလုပ်လို့ရတယ်လို့ ကြားရပြီး စမ်းသပ်ကြည့်တဲ့အခါမှာတော့ တကယ်ကို ထင်ထားတာထက် အကျိုးကျေးဇူးတွေ ပိုရခဲ့ပါတယ်။
လက်တွေ့အသုံးပြုမှုမှ တွေ့ရှိချက်များ
ဒီဇီဝမြေသြဇာကို တကယ်အသုံးပြုပြီးတဲ့နောက်မှာ မာကျောတဲ့မြေတွေဟာ ပျော့ပျောင်းပြီး ရေကို ပိုမိုထိန်းထားနိုင်တဲ့ မြေဆွေး ဖြစ်လာတယ်။
စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကြီးထွားနှုန်းမြန်ပြီး အရွက်တွေ စိမ်းစိုလာတယ်။ (ဘာကြောင့်လဲဆိုတော့ ဒီအရည်ထဲမှာ အော်ဂဲနစ်အက်ဆစ် (Organic Acid) နဲ့ အာဟာရဓာတ်တွေ ပါဝင်လို့ပါ)။
အသီးအနှံ အထွက်နှုန်း တိုးလာတာကို ခရမ်းသီးနဲ့ ငရုတ်သီးတွေမှာ ထင်ရှားစွာ တွေ့ရတယ်။ အရင်ကထက် အပွင့်ပွင့်၊ အသီးသီးတာ ပိုများလာတယ်။
မှိုရောဂါများ လျော့နည်းသွားတယ်။ (အကျိုးပြုဇီဝရုပ်တွေက မကောင်းတဲ့ ဇီဝရုပ်တွေကို တားဆီးပေးလို့ပါ)။
ဓာတုမြေသြဇာအစား ထိုးသုံးနိုင်တာကြောင့် ကုန်ကျစရိတ်သက်သာပြီး ပိုမိုဘေးကင်းပါတယ်။
လွယ်ကူသော ပါဝင်ပစ္စည်းများ
လှီးထားသော ငှက်ပျောဖူး - ၁ လုံးမှ ၂ လုံး
ကြံသကာ - ၁ ကီလိုဂရမ် (သို့မဟုတ် သကြားညိုဖြင့် အစားထိုးနိုင်သည်)
ရေသန့် - ၅ လီတာ
အဖုံးပိတ်နိုင်သော ပလတ်စတစ်ပုံး - ၁ လုံး
ရိုးရှင်းသော စိမ်နည်း
၁. ငှက်ပျောဖူးကို စိတ်ပြီး ပုံးထဲ ထည့်ပါ။
၂. ကြံသကာကို ရေဖြင့်ဖျော်ပြီး ရွှေသီးပေါ်သို့ လောင်းထည့်ပါ။
၃. သမအောင် မွှေပြီး အဖုံးကို လုံအောင် ပိတ်ပါ။
၄. အရိပ်ရသောနေရာတွင် ၇ ရက်မှ ၁၅ ရက်အထိ စိမ်ထားပါ။
၅. အရောင်ညိုပြီး ချဉ်၊ ချိုသော အနံ့ရတဲ့ အရည်ကို ရရှိပါလိမ့်မယ်။ ဒါဆို အသုံးပြုနိုင်ပါပြီ။
စိုက်ခင်းတွင် အသုံးပြုနည်း
ဟင်းသီးဟင်းရွက် ရေလောင်းရာတွင်: ရေ ၂၀ လီတာလျှင် စားပွဲဇွန်း ၂-၃ ဇွန်း ရော၍ ၅-၇ ရက် တစ်ကြိမ် လောင်းပေးပါ။
အရွက်ဖျန်းဆေးအဖြစ်: ရေ ၁ လီတာလျှင် စားပွဲဇွန်း ၁ ဇွန်း ရော၍ ၇-၁၀ ရက် တစ်ကြိမ် ဖျန်းပေးပါ။
အပင်အသစ်မစိုက်မီ မြေပြင်ရာတွင်: မြေဆီလွှာကို အားဖြည့်ပေးရန်အတွက် မြေကြီးထဲသို့ တိုက်ရိုက်လောင်းထည့် ပေးပါ။
လူတိုင်း လွှင့်ပစ်လေ့ရှိတဲ့ ငှက်ပျောဖူးဟာ တကယ်တော့ အော်ဂဲနစ်စိုက်ပျိုးရေးအတွက် အဖိုးတန် ရတနာ တစ်ခုပါပဲ။ ငွေကုန်ကြေးကျ မရှိသလောက် နည်းပြီး ဓာတုပစ္စည်းအသုံးပြုမှုကိုလည်း လျှော့ချနိုင်ပါတယ်။ တကယ်ကို တန်ဖိုးရှိပြီး စမ်းလုပ်ကြည့်သင့်ပါတယ်။ စမ်းပြီးရင် သဘောကျသွားမှာ သေချာပါတယ်။

image