တာမွေမှာ အဘိုးအိုတယောက် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံး
အောက်တိုဘာ ၉
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းက အဘိုးအိုတယောက် နေအိမ် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က မေတ္တာညွန့်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြိုးဆွဲချ သေဆုံးသူဟာ အသက် ၇၄ နှစ်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။
“သူ့မိသားစုဝင်တွေက သူဒီလိုလုပ်ပြီး ၁၅ မိနစ်လောက်ကြာမှ သိကြတာ။ သူ အိမ်သာသွားတယ်ပဲ ထင်နေကြတာ။ ပတ်ဝန်းကျင်က အကြောင်းကြားလို့ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်ကတော့ မိနစ် ၂၀၊ ၂၅ မိနစ်လောက် ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ ရောက်တဲ့အချိန် အသက်မမီတော့ဘူး။ သူ စာလေး ရေးခဲ့သေးတယ်။ သူ့အိပ်ကပ်ထဲမှာ တွေ့ရတဲ့ စာပါ။ အဲဒီစာထဲမှာတော့ မိသားစုကိစ္စ အဆင်မပြေတာတွေ ရှိနေတဲ့အတွက် သူဒီလိုလုပ်သွားတယ် ဆိုတဲ့အကြောင်း ရေးထားတယ်” လို့ မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
လူသေဆုံးမှု ဖြစ်သွားတဲ့အတွက် မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေး အဖွဲ့အနေနဲ့ သက်ဆိုင်ရာကို အကြောင်းကြားပေးခဲ့ပြီး သေဆုံးသူကို မိတ်ဖက်အသင်းဖြစ်တဲ့ မေတ္တာမျှဝေ ပရဟိတအဖွဲ့ နာရေးယာဉ်နဲ့ စံပြဆေးရုံကြီးကို ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက် ရှိတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်မှာ အသက် ၆၀ အရွယ် အဘွားအိုတယောက် အကြွေးမဆပ်နိုင်လို့ ရေထဲခုန်ချ သတ်သေမှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီ အဘွားဟာ အရပ်အခေါ် နေ့ပြန်တိုးလို့ ခေါ်တဲ့ အတိုးနှုန်းကြီးတဲ့ အကြွေးတွေကို နေ့စဉ် ဆပ်နေရပြီး နောက်ဆုံးမှာ အကြွေး မဆပ်နိုင်တော့တဲ့အတွက် နေပြည်တော်ရှိ အမှတ် (၁၃)၊ ဘုရင့်နောင်နယ်မြေ တံတားပေါ်ကနေ ရေထဲခုန်ချကာ အဆုံးစီရင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၆) ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး၊ အင်းဝ (၃) လမ်းနားမှာ အသက် ၃၀ ကျော်ဝန်းကျင်အရွယ် ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းတယောက် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ - မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး