3 w - Translate

အပြုံးအရယ်နည်းတဲ့သူတစ်ယောက် ရှားရှားပါးပါးလေး ပြုံးလိုက်ရင်.. သူ့အပြုံးဟာ တန်ဖိုးရှိလွန်းလို့ အမြတ်တနိုးမက်မောတန်ဖိုးထားမိတတ်ကြပါတယ်…။ တစ်ချို့လူတွေ တွေ့ဖူးပါတယ်..။ အပြုံးအရယ်သိပ်မရှိပေမယ့်…သူ့ကိုမြင်လိုက်ရရင်…ယုံကြည်လေးစားစရာကောင်းပြီး နွေးထွေးလုံခြုံစေတဲ့ ခံစားမှုတစ်မျိုးကို ပေးနိုင်စွမ်းရှိနေတတ်ပါတယ်..။ သူ့ရဲ့တည်ငြိမ်လေးနက်မှုက..ငြိမ်သက်နေတဲ့ ကန်ရေပြင်တစ်ခုလို…မာကြောကြည်လင်တဲ့ စိန်တစ်ပွင့်လို…ယုံကြည်မှုကိုပေးနိုင်စွမ်းရှိပါတယ်..။ သူများပြုံးလိုက်ရင်..သူ့အပြုံးဟာ..လင်းခနဲနွေးဖြာသွားစေသလို ကိုယ့်ဆီကိုပါ အနွေးဓါတ်တွေ လွှမ်းခြုံပေးနိုင်စွမ်းရှိပါတယ်…။
စကားတွေဟောင်ဖွာဟောင်ဖွာမပြောတတ်ဘဲ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ သူတစ်ပါးရဲ့စကားကို လေးလေးနက်နက်နားထောင်ပေးတတ်တဲ့သူတစ်ယောက်က စကားလေးတစ်ခွန်းပြောလိုက်ရင် သူ့စကားသံဟာ ရှားပါးလွန်းလို့ တလေးတစားနာယူတန်ဖိုးထားမိတတ်ပါတယ်…။ လူတွေအများကြီးထဲမှာ..စကားတွေ ဆူညံနေအောင် အလုအယက်ဝိုင်းပြောနေတတ်သူတွေကြားမှာ..တိတ်တိတ်ဆိတ်ဆိတ်လေးထိုင်ပြီး…စကားပြောသူရဲ့မျက်လုံးတွေကို စူးစူးစိုက်စိုက်ကြည့်ပြီး စိတ်ပါလက်ပါ နားထောင်ပေးတတ်တဲ့လူမျိုးကို လူတိုင်းကနှစ်သက်သဘောကျတတ်စမြဲပါ..။ လူတိုင်းက ပြောချင်ကြသူတွေသာများပြီး…နားထောင်ပေးတတ်သူက ရှားပါးတာမို့…ကိုယ့်စကားကို သေသေချာချာ စိတ်ဝင်တစားနားထောင်ပေးတတ်သူကို ပိုပြီးအလိုရှိတတ်ပါတယ်..။ အဲ့ဒိလို ကိုယ့်စကားကို သေသေချာချာ နားထောင်ပေးတတ်တဲ့သူဆီက စကားတစ်ခွန်းလောက် ရှားရှားပါးပါးထွက်လာရင်လည်း… လေးလေေးနက်နက် တန်ဖိုးထားနာထောင်မိတတ်ကြပါတယ်..။
လူတွေရဲ့သဘာဝက ပေါများလွန်းနေတဲ့အရာတွေအပေါ် တန်ဖိုးမထားချင်ကြဘဲ… ရှားပါးတဲ့အရာလေးတွေဆို မက်မက်မောမော တန်ဖိုးထားတတ်ကြတာ သဘာဝပဲဖြစ်ပါတယ်…။ ဆူညံလှုပ်ခတ်လွန်းတဲ့အရာတွေထက်..ငြိမ်သက်တိတ်ဆိတ်တဲ့အရာကို ပိုတန်ဖိုးထားတတ်ပါတယ်..။ ရက်ရက်ရောရော ဘုံးပေါလအောအလကားပေးနေတဲ့အရာတွေထက်…ရှားပါးပြီးတန်ဖိုးကြီးကြီးပေးလိုက်ရတဲ့အရာတွေကို ပိုပြီးတန်ဖိုးထားတတ်ကြပါတယ်…။ အတုတွေပေါများနေတဲ့ကာလမှာ…ရှားပါးလွန်းတဲ့ အစစ်ဆိုတဲ့အရာကို လူတိုင်း တန်ဖိုးထားမက်မောတတ်ကြပါတယ်…။
ဒါကြောင့် ဆက်ဆံရေးတစ်ခုမှာ… ကိုယ်ဟာ နေရာတကာဝင်ပါတတ်ပြီး အကြံတွေ တစ်ဖက်ကမတောင်းဘဲ ရက်ရက်ရောရော ပေးနေတတ်သူလား… အမြဲတမ်းလိုအပ်တာထက်ပိုလျှံစွာ ပြုံးရယ်ရွှင်မြူးပြီး ဟာသတွေနှောလွန်းနေတတ်သူလား…နားထောင်ပေးဖို့ထက် စကားတွေဖွာလန်ကြဲအောင် ရေပက်မဝင်ပြောနေတတ်သူလားဆိုတာ ကိုယ့်ဘာသာ တိတ်တိတ်လေး ဆန်းစစ်ကြည့်ဖို့လိုပါတယ်…။ နေရာတကာဝင်ပါတတ်ပြီး မလိုအပ်ဘဲ အကြံတွေဖောဖောသီသီပေးနေတတ်သူမျိုးကို ဘယ်သူကမှ တန်ဖိုးထားပြီး တလေးတစား နေရာမပေးတတ်ပါဘူး…။ လူတစ်ယောက်ဟာ..ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်သိနေပြီး ကိုယ့်တန်ဖိုးအတိုင်းလေး စည်းရှိစွာ..သတိရှိစွာ နေတတ်မှသာ…လူတွေက တန်ဖိုးထားလေးစားချစ်ခင်ကြတာဖြစ်ပါတယ်…။ နေရာတကာ ဟောင်ဖွာဟောင်ဖွာပါလေလေ ကိုယ့်ရဲ့တန်ဖိုးနိမ့်ကျလေပဲဖြစ်ပါတယ်…။
တစ်ချို့စကားတွေဟာ..လေးလေးနက်နက်ပြောဖို့လိုပါတယ်…။ ပေါ့ပေါ့ပါးပါး ရယ်သွမ်းသွေးပြီး…လိုအပ်တာထက်ပိုပြီး ဟာသတွေနှောနေမယ်ဆိုရင်..သူ့စကားကို ဘယ်သူကမှ အလေးအနက်ထားတော့မှာ မဟုတ်ပါဘူး…။ တစ်ချို့ဆို ကိုယ်လိုချင်တာကို ရဖို့အတွက် ဟာသတွေနှောပြီး ရူးချင်ယောင်ဆောင်တတ်ကြပါတယ်…။ လူတစ်ယောက်မှာ…မြင်လိုက်ရရုံနဲ့ လေးစားချစ်ခင်စေတဲ့ အိန္ဒြေဆိုတာရှိပါတယ်…။ မလိုအပ်ဘဲ စကားတွေအပိုမပြောတာ…မလိုအပ်ဘဲ ရယ်ရယ်မောမော..ဟာသတွေမလုပ်တာဟာ..ကိုယ့်ရဲ့အိန္ဒြေဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းလည်းဖြစ်ပါတယ်…။
ဒါကြောင့် ကိုယ့်မှာရှိတဲ့အရာတွေကို ရှားပါးတဲ့အရာတစ်ခုလို လူတွေက တန်ဖိုးထားမက်မောနေစေဖို့ဆိုရင်… မလိုအပ်ဘဲ ဟာသတွေနှောပြီးရယ်မောလွန်းမနေဖို့… မလိုအပ်ဘဲ စကားတွေ ဖွာလန်ကြဲအောင် မပြောဘဲ ငြိမ်ငြိမ်သက်သက်ကလေးနဲ့ နားထောင်ပေးတတ်သူဖြစ်ဖို့လိုပါတယ်..။
#လွန်းထားထား
#ရှားပါးတဲ့အရာ
#စိတ်စေတနာနဲ့တန်တဲ့ဘဝ

Credit to owner

image