သက်ကြီးပိုင်း အငှားယာဉ်မောင်းကို သတ်ဖြတ် လုယက်သွားပြီး ရဲတပ်ဖွဲ့က ကနဦးအနေနဲ့ ကျူးလွန်သူ သုံးဦးကို အချိန်တိုအတွင်း ဖမ်းဆီးရမိ 
 
အောက်တိုဘာ ၇ 
 
အငှားယာဉ်မောင်းကို သတ်ပြီး လုယက်တဲ့ ဖြစ်စဉ် အောက်တိုဘာ ၅ ရက်နေ့ညက ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သန်လျင် ခြောက်လမ်းသွားလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပြီး ပြစ်မှုကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။ 
 
အသတ်ခံရသူက အသက် ၆၅ နှစ်အရွယ် ဦးစံသိန်းလို့ သိရှိရပြီး ရန်ကုန်မြို့၊ သာကေတ {၃) ရပ်ကွက် ၊ ရန်ပြေ (၁၈) လမ်းအနောက်မှာ နေထိုင်သူလို့ သိရပါတယ်။ အခင်းဖြစ်တဲ့ အောက်တိုဘာ ၅ ရက်နေ့က ည ၉ နာရီ နောက်ပိုင်းကတည်းက ဆက်သွယ်လို့ မရဘဲ ကားရော လူပါ ပျောက်ဆုံးနေတာကြောင့် အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ လူမှုကွန်ရက်ကနေတစ်ဆင့် လူပုံရော ကားကိုပါ ပို့စ်တင်ကာ အသိပေးကြေညာခဲ့သလို သက်ဆိုင်ရာကို လူပျောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ 
 
အောက်တိုဘာ ၆ ရက်နေ့ ညနေ ၃ နာရီခန့်အချိန်မှာတော့ သန်လျင် ခြောက်လမ်းသွားလမ်းမပေါ်မှာ Taxi သမားတစ်ဦး အသတ်ခံရပြီးသေဆုံးနေတာကို တွေရှိကြောင်း ကနဦး သိရှိရပြီး၊ ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးအတည်ပြုချက်အရ သေဆုံးသူမှာ ဦးစံသိန်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကာ ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး လက်ဦးမှုရရှိနိုင်အောင် သတိကြီးစွာနဲ့ ဆောင်ရွက်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ဆိုပါတယ်။ 
 
ကျူးလွန်သူလို့ ယူဆရသူ သုံးဦးကို အချိန်တိုတွင်း ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ပြီး၊ လက်ရှိမှာဖမ်းဆီးရမိထားတဲ့ ပြစ်မှုကျူးလွန်သူ သုံးဦးကို ရဲလုပ်ငန်းစဉ်တွေဆက်လက်ဆောင်ရွက်လျက် အမှုတည်ဆောက်နိုင်ရေး စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။ 
 
Credit - Myanmar Transparency News Agency 
 
#centralnewsnaypyitaw



 
 
		  
		 
		 
                