အရက်အတူသောက်သည့် မြန်မာနိုင်ငံသားနှစ်ဦး အမူးလွန်စကားများ ရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးမှု ထိုင်းနိုင်ငံတွင် ဖြစ်ပွား 
  
အောက်တိုဘာ ၆ 
 
ထိုင်းနိုင်ငံ၊ ဖူးခတ်ကျွန်းရှိ ပထုန်မြို့တွင်အောက်တိုဘာ ၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားမှုတစ်ခုအတွင်း မြန်မာနိုင်ငံသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့သည်။ 
 
ပထုန်ရဲတပ်ဖွဲ့ထံသို့ ည ၇ နာရီ ၂ မိနစ်တွင် ရတ်ချာပတ်သ်နုဆွန်လမ်းမပေါ်ရှိ ဆွိုင် ခလောင်ဘန်၀က်လမ်းကြား၌ ငှားရမ်းနေထိုင်သည့် အခန်းတစ်ခု၌ ဓားထိုးမှု ဖြစ်ပွားကြောင်း သတင်းပေးပို့ချက် ရောက်ရှိလာခဲ့သည်။ 
 
အခင်းဖြစ်ရာသို့ ထိုင်းရဲများ ရောက်ရှိချိန်တွင် အသက် ၃၈ နှစ်အရွယ် ကိုဇော်မင်းဝင်း သည် ၎င်းနေထိုင်ရာ အခန်းအပြင်ဘက်၌ ပြင်းထန်သော ဓားဒဏ်ရာများဖြင့် သွေးအိုင်ထဲလဲလျက် တွေ့ရှိခဲ့ရသည်။ 
 
လူနာကို ကူလ်ဆိုဒမ်ဖူးခတ်ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးလုပ်သားများက အရေးပေါ် အသက်ကယ် ကုသမှုများ ပြုလုပ်ကာ ပထုန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ရရှိဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။ 
 
အင်္ကျီမပါဘဲ ဘောင်းဘီအနက်ရောင် ဝတ်ဆင်ထားသည့် သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာများစွာ တွေ့ရှိရသည်။ အဆိုပါ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည်ဟု ယူဆရသော ၂၂ စင်တီမီတာ (၉ လက်မနီးပါး) ရှိ ဓားတစ်ချောင်းကိုလည်း အခင်းဖြစ်ပွားရာနေရာမှ သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သည်။ 
 
မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ တရားခံသည်လည်း မြန်မာနိုင်ငံသားဖြစ်ပြီး ကိုဇော်မင်းဝင်းနှင့် ရင်းနှီးသူ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ခဲ့ကြသည်။ ထိုရန်ပွဲသည် အလျင်အမြန်ပင် အကြမ်းဖက်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားထိုးမှုကြောင့် သေဆုံးသည်အထိ ဖြစ်ခဲ့ခြင်းဖြစ်သည်။ တရားခံသည် တိုက်ခိုက်မှုအပြီးတွင် နေရာမှ ချက်ချင်း ထွက်ပြေးတိမ်းရှောင်သွားခဲ့သလို ဒေသခံများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ 
 
ရဲတပ်ဖွဲ့သည် တရားခံအား လိုက်လံရှာဖွေနေပြီး ၎င်း၏ လှုပ်ရှားမှုများကို ခြေရာခံနိုင်ရန် ထိုနေရာတစ်ဝိုက်ရှိ CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးနေသည်။ အာဏာပိုင်များက အဆိုပါဓားထိုးမှုသည် အရက်ကြောင့် ဖြစ်ပေါ်လာသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပဋိပက္ခကြောင့်ဟု ယူဆထားသည်။ 
 
ပထုန်ရဲတပ်ဖွဲ့က ဓားထိုးသူ၏ ပုံပန်းသဏ္ဍာန်ကို ရရှိထားပြီး တရားခံကို ဖမ်းဆီးနိုင်ရန် တက်ကြွစွာ လုပ်ဆောင်နေကြောင်း Phuket သတင်းဌာနသို့ အာမခံပြောကြားခဲ့သည်။ ရဲအရာရှိများက သေဆုံးသူအတွက် တရားမျှတမှုရရှိစေရန် စုံစမ်းစစ်ဆေးမှု အပြည့်အစုံ ဆောင်ရွက်နေကြောင်းလည်း အာမခံထားသည်။ 
 
Ref, The Thaiger 
 
Credit - Myanmar Transparency News Agency 
 
#သတင်းဟင်းလေးအိုးကြီး
 
         
 
		  
		 
		 
		 
		 
		 
                