နမ့်တစ်မြို့က ရွှေဆိုင်ကို မြေအောက်လှိုဏ်ခေါင်းတူးပြီး ဖောက်ထွင်းသွားတဲ့ တရားခံ ဖမ်းမိ 
 
အောက်တိုဘာ ၄ 
 
နမ့်တစ်မြို့ရှိ တရုတ်ရွှေဆိုင် တဆိုင်ကို မြေအောက်ကနေ ၉ ရက်ကြာ ဥမင်လှိုဏ်ခေါင်းတူးပြီး ဖောက်ထွင်းသွားတဲ့ တရားခံကို အောက်တိုဘာလ ၁ ရက်နေ့က UWSA ရဲ တပ်ဖွဲ့က ဖမ်းမိပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။  
 
"ဖောက်ထွင်း ခိုးယူသူက ကိုးကန့်နယ်ခံပါ။ အောက်တိုဘာလ ၁ ရက်နေ့က ဝ အဖွဲ့ ဖမ်းမိတာပါ။ တည်းခိုခန်းမှာ မိတာပါ" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။  
 
ဖောက်ထွင်းခိုးယူမှု ကျူးလွန်သူက အသက် ၂၇ နှစ် အရွယ် အားချိန်း ဆိုသူ ဖြစ်တယ်လို့ သူက ပြောပါတယ်။  
 
"ရွှေဈေးတက်လာတာကို တွေ့ခဲ့ရပြီး  အိမ်ဆောက်ချင်တာကြောင့် ရွှေခိုးခဲ့တာ" လို့ ဖောက်ထွင်း ခိုးယူခဲ့သူ တရားခံကို စစ်ဆေးမှု မှတ်တမ်း အရ သိရပါတယ်။  
 
ဆိုင်အနီး လူသွား စင်္ကြံအောက်ကနေ ဥမင်လှိုဏ်ခေါင်း တူးဖို့အကြံရခဲ့ပြီး လိုအပ်တဲ့ ကိရိယာတွေကို အွန်လိုင်းကနေ မှာယူခဲ့ကာ ဥမင်လှိုဏ်ခေါင်း တူးချိန် ၉ ရက်ကြာခဲ့တယ်လို့လည်း မှတ်တမ်းအရ သိရပါတယ်။  
 
ခိုးယူခဲ့တဲ့ ရွှေ အချိန်အဆ မသိရှိပေမယ့် မိုင်းလားမှာ တရုတ် Kuaishou  App ကနေ ရွှေဝယ်သူ တယောက်ကို ဆက်သွယ်ပြီး ရွှေ ၅၅၁ ဂရမ်ကို တစ်ဂရမ် ယွမ် ၈၄၀ နှုန်း၊ ယွမ် ၄၆၃,၀၀၀ (သိန်း ၂၇၀၀ ကျပ် ဝန်းကျင်ခန့်) နဲ့ ရောင်းချခဲ့ပြီး ရွှေတချို့ ချန်ထားခဲ့ကာ ဖုန်း ယွမ် ၂၀၀၀ တန် တလုံးဝယ်ခဲ့တယ်လို့ ထွက်ဆိုထားတာ တွေ့ရပါတယ်။  
 
ပြီးခဲ့တဲ့အောက်တိုဘာလ ၁ ရက်နေ့ တရုတ်စံတော်ချိန် မနက် ၉ နာရီခွဲလောက်မှာ တရားခံ အိမ်ပြန်ဖို့ ပြန်လာချိန် ဟိုပန် တံတားကို ဟိုပန်က UWSA ရဲ တွေဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။  
 
UWSA ထိန်းချုပ်နယ်မြေ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့ရှိ တရုတ်လူမျိုးပိုင် "ဟောင်ကောင်" အမည်ရှိ ရွှေဆိုင်တဆိုင်မှာ ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက် နေ့ တရုတ်စံတော်ချိန် မနက် ၅ နာရီ ခန့်က တိုက်အောက်ကနေ လှိုဏ်ခေါင်း ဖောက်ပြီး ဆိုင်ထဲကရွှေတွေ ခိုးယူမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။  
 
Credit - VOM News Agency 
 
#သတင်းဟင်းလေးအိုးကြီး



 
 
		  
		 
		 
		 
		 
                