#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း 
◾️ဂျုံသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးမည် 
နိုင်ငံတော်အနေဖြင့် ဂျုံသီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိရာ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၅ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေမှစတင်၍ ဂျုံသီးနှံ ချေးငွေ အား တစ်ဧကချေးငွေ ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ် ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကအသိပေး ထုတ်ပြန်ထားသည်။ 
သို့ဖြစ်ရာ တောင်သူလယ်သမားများအနေဖြင့်ဂျုံသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီ ရရှိနိုင်ရေး အတွက်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်၊မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံး ဆက်သွယ်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးထုတ်ပြန်ထားသည်။ 
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပြီး တောင်သူ လယ်သမားများကလည်းသီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့်တောင်သူလယ်သမားများအကြား နှစ်ဦးနှစ်ဖက် တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် စပါးသီးနှံအပါအဝင် သီးနှံ ၂၃ မျိုးအား မိုး၊ ဆောင်း၊ မိုးကြိုရာသီအလိုက် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
 
         
 
		  
		 
		 
		 
		 
                