အမေရိကန်ကြက်ကြော် (Buffalo Chicken)
ပါဝင်ပစ္စည်းများ
• ကြက်တောင်ပံ - ၆၅၀ ဂရမ်
• ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• သကြားညို - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• ငရုတ်သီးအကြမ်းဖတ် - စားပွဲဇွန်း ၁ ဇွန်း
• ရေ - ၆ဝဝ မီလီလီတာ
• ငရုတ်သီးအစိမ်းမှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ဂျုံမှုန့် - စားပွဲဇွန်း ၅ ဇွန်း
• ကော်မှုန့် - စားပွဲဇွန်း ၃ ဇွန်း
• ထောပတ် - ၃၀ ဂရမ်
• ကြက်သွန်ဖြူ - ၁၅ ဂရမ်
• ငရုတ်သီးဆော့စ် - စားပွဲဇွန်း ၅ ဇွန်း
(Hot Chilli sauce)
• ပျားရည် - စားပွဲဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ကြက်တောင်ပံများကို သေချာစွာ ဆေးကြောသန့်စင်ပြီး ဇလုံထဲတွင် ထည့်ထားပေးပါ။ အိုးထဲသို့ ရေအနည်းငယ်ထည့်ပြီး ဆားလက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သကြား လက်ဖက်ရည် ဇွန်း ၂ ဇွန်း၊ ငရုတ်သီးအကြမ်းဖတ်တို့ကို ထည့်ကာ မီးအေးအေးဖြင့် ဆူအောင်တည်ပေးပါ။ ရေဆူလာပါက မီးပိတ်ပြီး ကျန်တဲ့ရေများကိုထည့်ကာ သမအောင် မွှေပေးပါ၊ မွှေထား သောအရည်ကို ကြက်သားများ မြှုပ်သွားသည်အထိ လောင်းထည့်ပြီး အပေါ်မှ ပလတ် စတစ်အကြည်အုပ်ကာ အနည်းဆုံး ၁၂ နာရီခန့် နှပ်ထားပေးပါ။
၂။ ကြက်သားကို ၁၂ နာရီခန့်နှပ်ပြီးပါက ကြက်သားများကို ဆယ်ယူပြီး ခြောက်သွေ့ သွားအောင် အဝတ်ဖြင့် သုတ်ပေးပါ။ ကြက်သားများကို ပိုမိုအရသာကောင်းစေရန်အတွက် ကြက်သားများကို ငရုတ်သီးအစိမ်းမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့ ထပ်ထည့်ပြီး သမအောင် နယ်ပေးပါ။ ကြက်သားကို အကာကပ်ရန်အတွက် ဇလုံထဲသို့ ဂျုံမှုန့်နှင့် ကော်မှုန့်ကို ထည့်ပြီး သမအောင် နယ်ပေးထားပါ။ ကြက်တောင်ပံတစ်ခုချင်းစီကို အကာကပ်ပေးပြီး ဆီပူပူတွင် ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးပါ။ ကြော်ပြီးသား ကြက်တောင်ပံများကို ဆီစစ်ထားပေးပါ။
၃။ ဆော့စ်အတွက် အိုးထဲသို့ ထောပတ်များထည့်ပြီး မီးအေးအေးဖြင့် အရည်ဖျော်ပေးပါ။ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူများကို ထည့်ပေးပါ။ ငရုတ်သီးဆော့စ်နှင့် ပျားရည်ကို ထည့်ပြီး သမအောင် မွှေပေးပါ။
၄။ ဆီစစ်ထားသော ကြက်တောင်ပံများပေါ်သို့ ချက်ထားသော ဆော့စ်ကို လောင်းထည့်၍ သမအောင် မွှေပေးကာ သုံးဆောင်နိုင်ပါပြီ။