ပဲပုပ်စိုက်ပျိုးခြင်း 🫘🫘🫘
မြန်မာအမည် - ပဲပုပ်
အင်္ဂလိပ်အမည် - Soybean
သိပ္ပံအမည် - Glycine max (L) Merrill
သိပ္ပံအမည်ကွဲ - Glycine soja Sieb and Zucc Soja max
ပဲပုပ်သီးနှံ၏ မူရင်းဒေသမှာ အရှေ့တောင်အာရှဖြစ်ပြီး တရုတ်နှင့် ဂျပန်နိုင်ငံတွင် မျိုးရိုင်းများကို စိုက်ပျိုးပါ သည် ။ ပဲပုပ်မျိုးများစွာရှိပါသည်။ မြန်မာနိုင်ငံတွင် ပဲပုပ်သီးနှံကို ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့ ဆီထွက်သီးနှံအဖြစ် တင်ပို့လျှက်ရှိသောသီးနှံတစ်ခုဖြစ်ပါသည်။ ပဲပုပ်ကို ပဲငပိဟုလည်း ခေါ်ကြသည်။ (၁၉၆၅)ခုနှစ်၊ တက္ကသိုလ်ဝင် စိုက်ပျိုးရေးပညာစာအုပ်(စာပေဗိမာန်ထုတ်)တွင် ပဲငပိ(Soy Bean)ဟု ဖော်ပြထားပါသည်။ ပဲပုပ်သီးနှံသည် အာဟာရနှင့် စီးပွားရှု့ထောင့်အရ တန်ဖိုးရှိ၍ အရေးပါသည့် ပဲမျိုးစုံသီးနှံတစ်ခုဖြစ်ပါသည်။ အသားဓါတ်ခေါ် ပရိုတိန်း(၄၀-၄၅)ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်ဆီ (၁၉-၂၀)ရာခိုင်နှုန်းပါဝင်ပါသည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာ တွင်ရှိသည့် ဟင်းသီးဟင်းရွက်ဆီ တစ်မျိုးဖြစ်ပါသည်။ ပဲပုပ်သည် ရှေးအကျဆုံး စားသုံးသီးနှံဖြစ်ပြီး ယနေ့ခေတ်တွင် အသုံး၀င်ဆုံးသီးနှံအဖြစ်အောင်မြင်မှုရလျှက်ရှိပါသည်။
ပဲပုပ်စိုက်ပျိုးသည့်ဒေသ
ပဲပုပ်အဓိကစိုက်ပျိုးသည့်ဒေသမှာ ရှမ်းပြည်နယ်ဖြစ်၍ တစ်နိုင်ငံလုံးစိုက်ဧက၏ (၅၀)ရာခိုင်နှုန်း စိုက်ပျိုး ပါသည်။ ကျန်ရှိဧရိယာများကို မန္တလေး၊ စစ်ကိုင်း ၊ ဧရာဝတီ ၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ်တွင် သီးသန့်သော်လည်းကောင်း၊ သီးညှပ်သီးနှံအဖြစ်လည်းကောင်း၊ အစေ့ထုတ်ပြောင်း၊ နေကြာသီးနှံတို့နှင့် ညှပ်၍ စိုက်ပျိုးကြပါသည်။ အောက်မြန်မာနိုင်ငံတွင် မြစ်ရေကျချိန် ကိုင်းကျွန်း မြေများ၌ စိုက်ပျိုးကြပါသည်။ ပဲပုပ်သီးနှံသည် တစ်ရာသီခံပင်ဖြစ်ပြီး ပင်တည်းဝတ်မှုံကူးသော အပင် အမျိုးအစားလည်း ဖြစ်ပါသည်။
ပဲပုပ်စိုက်ပျိုးချိန်
ပဲပုပ်သီးနှံကို တောင်ပေါ်ဒေသတွင် မေလနှင့် ဇွန်လ၊ မြေပြန့်ဒေသတွင် ဩဂုတ်လနှင့် စက်တင်ဘာလ ၊မြစ်ရေကျသည့် ကိုင်းကျွန်းမြေများတွင် အောက်တိုဘာလ၊စပါးအပြီး သီးထပ်စိုက်ပျိုးလျှင် နိုဝင်ဘာလအတွင်း စိုက်ပျိုးသည်။
ရာသီဥတုလိုအပ်ချက်
ပဲပုပ်သီးနှံသည် မိုးရေချိန်ပျမ်းမျှ(၁၆-၂၂)လက်မအတွင်း ရွာသွန်းသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်း နိုင်သည်။ ထိုထက်ပိုများသောဒေသများ၌လည်း မိုးရေချိန် ပျမ်းမျှ(၂၄-၆၀)လက်မရရှိလျှင် အကောင်းဆုံး စိုက်ပျိုးဖြစ် ထွန်းနိုင်ပါသည်။ သီးနှံကြီထွားချိန်တလျှောက်လုံးတွင် မိုးညီညာစွာရွာသွန်းပါက အကောင်းဆုံးဖြစ်ပါသည်။ ပဲပုပ်သီးနှံ သည် ပန်းပွင့်ချိန်တွင် နေ့တာတိုရန်လိုအပ်ပါသည်။ တစ်နေ့လျှင် ညအမှောင်ချိန် (၁၆)နာရီနှင့် အလင်းရောင်ရချိန် (၈)နာရီ လိုအပ်ပါသည်။ အပူပိုင်းဒေသများတွင် ညအမှောင်ချိန် အနည်းဆုံး(၁၄)နာရီ လိုအပ်ပါသည်။ ပန်းပွင့်ချိန်တွင် ယင်းကဲ့သို့ ညတာရှည်ချိန် အနည်းဆုံး(၂-၃)ရက်အထိနှင့် အများဆုံး(၅-၆)ရက်အထိ မျိုးအလိုက်လိုအပ်ပါသည်။ သက်တမ်းရှည်သည့် မျိုးများသည် သက်တမ်းတိုသည့် မျိုးများထက် လင်းတာတုံပြန်မှု၏ လွှမ်းမိုးမှုပိုများသည်ကို တွေ့ရသည်။ ပဲပုပ်မျိုးတစ်မျိုးအား ဒေသတစ်ခုတွင် စိုက်ပျိုးပါက အပူချိန်(၁၆)ဒီဂရီစင်တီဂရိတ်အထက်နှင့် ရှိသင့်သည့် လင်းတာထက်လျော့နည်းလျှင် ပန်းပွင့်စော၍ သက်တမ်းတိုသွားပြီး အပင်ကြီးထွားမှု၊ အပင်အမြင့်၊အဆစ်အရေအတွက် စသည်တို့ လျော့နည်းပြီး အထွက်ကျဆင်းသွားပါသည်။ သို့ဖြစ်ပါ၍ ပဲပုပ်သီးနှံအား ဆောင်းရာသီတွင် စိုက်ပျိုးလိုပါက အောက်မြန်မာပြည်၌သာဒေသနှင့် သင့်တော်သည့် မျိုးအား ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
မြေအမျိူးအစား
ပဲပုပ်သည် သဲသမမြေမှ မြေစေးမြေအထိ မြေအမျိုးအစားမရွေး ဖြစ်ထွန်းနိုင်ပါသည်။ ရေစီးရေလာကောင်း၍ ညီညာသောမျက်နှာပြင်ရှိရန် လိုအပ်ပါသည်။ မြေချဉ်ငံဓါတ်(pH-၇.၀) ပတ်ဝန်းကျင်ရှိသည့် မြေမျိုးဖြစ်ပြီး မြေဆွေးဓါတ် ကာဗွန်ကြွယ်ဝသည့် မြေမျိုးသည် ပဲပုပ်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပါသည်။ မြေချဉ်ငံဓါတ်(pH-၅.၅)ထက် လျော့နည်း ပါက အပင်ဖြစ်ထွန်းမှုအားနည်းပါသည်။မြေချဉ်လျှင် ထုံးထည့်သွင်းရန် လိုအပ်ပါသည်။ ဆားငံပေါက်သည့်မြေတွင် အပင်ပေါက်မှု ဟန့်တားပါသည်။
မျိုးစေ့နှုန်းထား
မစိုက်ပျိုးမှီ အပင်ပေါက်နှုန်းအား စမ်းသပ်ပြီး အပင်ပေါက်ရာခိုင်နှုန်း (၈၅ - ၉၀%)ခန့်ရှိသော မျိုးကိုအသုံးပြုရန် လိုအပ်ပါသည်။ အတန်းလိုက်စိုက်ခင်းတွင်တစ်ဧက(၁၃-၁၄)ပြည်နှုန်းအားလည်းကောင်း၊ ကြဲပက်သည့်စိုက်ခင်းတွင် တစ်ဧကပျမ်းမျှ(၁၈-၂၀)ပြည် သုံးစွဲပါ။
စိုက်ပျိုးနည်းစနစ်
ပဲပုပ်ကိုအများအားဖြင့် စပါးသီးထပ်(သို့)ရေလိုက်ကြဲပတ်စိုက်ပျိုးခြင်း၊ အတန်းလိုက်စိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးလေ့ရှိပါသည်။ အတန်းလိုက်စိုက်ပျိုးခြင်းသည် အထွက်နှုန်းပိုမိုကောင်းမွန်စေပါသည်။ ပဲပုပ်အား ပင်ကြား (၄) လက်မ နှင့် တန်းကြား (၇) လက်မ(သို့) (၁၅) လက်မ (သို့) လက်မ (၃၀) ထားကာ စိုက်ပျိုးကြသည်။ ပဲပုပ်ကို အစိုဓာတ် မိမိနှင့် စောစောအပင်ပေါက်ရစေရန် ရေလိုက်ကြဲစနစ်၊ ဓားခုတ်ဖုန်းစနစ်၊ ထွန်ရေဖြင့် စိုက်သောစနစ်(ထွန်ပဲစနစ်) စိုက်ပျိုးလေ့ရှိပါသည်။
ပိုးမွှား ရောဂါကာကွယ်ခြင်း
ပဲပုပ်တွင် ရွက်ဖောက်ပိုး ၊ လှေး ၊ ကျိုင်း ၊ ရွက်စားငမြောင်တောင်၊ ပင်စည်ထိုးယင်၊ ပျပိုး၊ သရစ်၊ ထွာကောင်စိမ်း၊ ရွက်စုံစားခူဝါ၊ ပွင့်ထွေးရွက်ကပ်သီးလုံးဖောက်ပိုး စသည်တို့နှင့် ယင်ဖြူကြောင့် ဖြစ်သောအဝါရောင်မှိုစိတ်ဗိုင်းရက်စ်ရောဂါများ မကျရောက်စေရန်အတွက်Pymetrozine + Nitnepyram ၊ အဆီဖိတ် ၊ Thiamethoxam ကဲ့သို့ ပင်လုံးပြန့် အာနိသင်ရှိ ပိုးသတ်ဆေး တစ်မျိုးမျိုးကို အလှည့်ကျ ပတ်ဖျန်းပါ။ သီးနှံသက်တမ်းတလျှောက်လုံး ပင်ညှိုးရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ ဆာကိုစပိုးရားရွက်ပြောက်ရောဂါ၊ မှည့်ပြောက်စွန်းရောဂါ၊ ဗိုင်းရပ်စ်မိုစိတ်ရောဂါ စသည်ရောဂါများ ကျရောက်တက်၍ Difenoconazole ၊ Azoxystrobin ကဲ့သို့သော မှိုသတ်ဆေးများမှ ရောဂါများနှင့်သင့်တော်သည့် ဆေးတစ်မျိုးမျိုးကို (၁၅)ရက်တစ်ကြိမ် အလှည့်ကျ(၄)ကြိမ် ဖျန်းပါ။ အစေ့အဆံတည်ချိန်တွင် သီးလုံးဖောက်ပိုး ကာကွယ်ရန် Indoxacarb + Emamectin Benzoate ကဲ့သို့သော ဆေးများဖြင့် ကာကွယ်နှိမ်နင်းပေးရပါမည်။