အင်္ဂလန်နယ်၊ မန်ချက်စတာမြို့မှာ ဂျူးလူမျိုးတို့ ဝတ်ပြုကိုးကွယ်ရာ ရဟူဒီဘာသာဝင်တိုရဲ့ ဘုရားရှိခိုးကျောင်းတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရလို့ လူနှစ်ဦးနဲ့ အကြမ်းဖက်သမားသေဆုံးကာ အခြားသုံးဦး ပြင်းထန်စွာ ဒဏ်ရာရ

အောက်တိုဘာ ၃
ဗြိတိန်နိုင်ငံ၊ အင်္ဂလန်နယ်၊ မန်ချက်စတာမြို့မှာ ဂျူးလူမျိုးတို့ ဝတ်ပြုကိုးကွယ်ရာ ရဟူဒီဘာသာဝင်တို့ရဲ့ ဘုရားရှိခိုးကျောင်းတစ်ခုမှာ လူတစ်ဦးက ကားတစ်စီးနဲ့ လမ်းသွားလမ်းလာတွေကို ဝင်တိုက်ပြီး လုံခြုံရေးအစောင့်တစ်ဦ်းကို ပါ ဓားနဲ့ထိုးခဲ့မှုတစ်ရပ်က ဂျူးပြက္ခဒိန်မှာ အမြင့်မြတ်ဆုံးနေ့ဖြစ်တဲ့ Yom Kippur နေ့ဖြစ်တဲ့ အောက်တိုဘာလ ၂ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်ရပ်မှာ သံသယရှိရသူလူသတ်သမားက ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၁ မိနစ်မှာ ကားတစ်စီးကိုမောင်းနှင်လာပြီး ဘုရားရှိခိုးကျောင်းရှေ့မှာ လမ်းသွားနေသူတွေကိုဝင်တိုက်ပြီး လုံခြုံရေးအစောင့်ကို ဓားနဲ့ထိုးခဲ့တာလို့ မန်ချက်စတာ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ရဲအဖွဲ့က သံသယရှိရသူက အသက် ၃၅ နှစ်ရှိတဲ့ ဂျီဟတ် အယ်လ်ရှာမီး ဆိုသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

အကြမ်းဖက်ဖြစ်ရပ်မှာ သံသယရှိသူနဲ့ လူနှစ်ဦးသေဆုံးတယ်လို့ အတည်ပြုခဲ့ပြီး တခြားလူသုံးဦးမှာ စိုးရိမ်ဖွယ်အခြေအနေ ဒဏ်ရာရရှိထားကြတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာ အင်္ဂလန်နယ်မြောက်ပိုင်း ခရမ့်ဆောလ် ခရိုင်မှာရှိတဲ့ အဆိုပါ Heaton Park Hebrew Congregation ဘုရားရှိခိုးကျောင်းကို ရဲအရာရှိတွေ အလျင်အမြန်ရောက်လာကြပြီးနောက် ပေါက်ကွဲစေတတ်တဲ့ စွပ်ကျယ်အင်္ကျီလို့ ထင်ရတဲ့ စွပ်ကျယ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ သံသယရှိသူကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုတစ်ခုမှာတော့ ဂျူးရိုးရာ ခေါင်းဖုံးဝတ်ထားတဲ့ အခြားအမျိုးသားတစ်ဦးမှာ ကြမ်းပြင်ပေါ်မှာ သွေးအိုင်ထဲလဲနေတာကိုလည်း တွေ့ကြရပါတယ်။

“သူ့မှာဗုံးရှိတယ်၊ အဝေးကိုသွားကြ” လို့သံသယရှိသူကိုပစ်ခတ်မှုမပြုခင် စက္ကန့်ပိုင်းမျှအလိုမှာ ရဲအရာရှိတစ်ဦးက အနီးမှာ ကြည့်ရှုနေသူတွေကို အော်ဟစ်ပြောဆိုခဲ့ပါတယ်။ ဒီနောက် ရဲအရာရှိသုံးဦးက သံသယရှိသူကို အသေပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေ့ရသူတစ်ဦးက ပြောပါတယ်။

ဗုံးရှင်းလင်းရေးအဖွဲ့ကို နောက်ပိုင်းမှာ အခင်းဖြစ်ပွားရာကို ခေါ်ဆိုခဲ့ပြီး သံသယရှိသူ ဝတ်ဆင်ထားတဲ့ ပေါက်ကွဲစေနိုင်တဲ့ကိရိယာက အသုံးပြု၍မရဘူးလို့ ရဲတပ်ဖွဲ့ အတည်ပြုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အကြမ်းဖက်မှုတန်ပြန်ရေး အကြီးတန်း အရာရှိဖြစ်တဲ့ လော်ရန့်စ်တေလာက အဆိုပါ တိုက်ခိုက်မှုကို အကြမ်းဖက် ဖြစ်ရပ်လို့ ကြေညာခဲ့ပါတယ်။ တိုက်ခိုက်သူ မည်သူမည်ဝါဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သိတယ်ဆိုတာ ယုံကြည်ရတယ်လို့ သူကပြောခဲ့ပေမယ့် အတည်မပြုသေးဘူးလို့ သူက ဆိုပါတယ်။

ဒါ့ပြင် တခြားလူနှစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ လော်ရန့်စ်က ပြောခဲ့ပါတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ ရဲတပ်ဖွဲ့က သက်ကြီးရွယ်အိုအများစုပါတဲ့ လူအယောက် ၃၀ ခန့်ကိုဘုရားကျောင်းကနေဝေးရာကို လိုက်ပါ ပို့ဆောင်ပေးခဲ့ပါတယ်။ သူတို့ထဲမှာ တချို့က မျက်ရည်တွေကျနေပြီး အများအပြားကတော့တုန်လှုပ်ခြောက်ခြားနေကြပါတယ်။ ဒီလိုပဲ အချို့သော ကလေးငယ်တွေကို ဘုရားကျောင်းနဲ့ဝေးရာကို ရဲတပ်ဖွဲ့က ပို့ဆောင်ပေးခဲ့ပါတယ်။

“လုံခြုံရေးဝန်ထမ်းတွေနဲ့ ဘုရားကျောင်းအတွင်း ဝတ်ပြုနေသူတွေရဲ့ ရဲရဲတင်းတင်းတုံ့ပြန်နိုင်မှုအပြင် ရဲတပ်ဖွဲ့ကမြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်လို့ အကြမ်းဖက်တိုက်ခိုက်သူကို ဘုရားကျောင်းအတွင်းပိုင်းအထိ ဝင်ရောက် မရအောင် တားဆီးနိုင်ခဲ့တယ်” လို့ မန်ချက်စတာ ရဲတပ်ဖွဲ့ ရဲချုပ် စတီဖင် ဝပ်ဆန်က ပြောခဲ့ပါတယ်။

ဗြိတိန်နိုင်ငံက ၂၀၂၄ ခုနှစ်မှာ ဂျူးမုန်းတီးရေးဝါဒ အဆိုးဝါးဆုံးမြင့်တက်လာတဲ့နိုင်ငံဖြစ်ပြီး အခုလို ဂျူးအဖွဲ့ အစည်းတွေကို တိုက်ခိုက်မှုပြုတဲ့ ဖြစ်ရပ်ပေါင်း ၃,၅၀၀ ကျော်ရှိခဲ့တယ်လို မှတ်တမ်းတင်ထားရပါတယ်။ ဂါဇာ ပဋိပက္ခ ဖြစ်ပွားချိန်ကစလို့ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့မှာ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဂျူးလူမျိုးတွေ နဲ့ ဂျူးပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

Ref- Reuters

Credit - Myanmar Transprency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image