တိုင်ဖွန်းမုန်တိုင်း (BUALOI) အရှိန်ကြောင့် နိုင်ငံအတွင်း မိုးများနေသည့်အတွက် ဆည်တမံများကို အချိန်နှင့် တပြေးညီစောင့်ကြည့်စစ်ဆေးနေ
တိုင်ဖွန်းမုန်တိုင်း (BUALOI) အကြွင်းအကျန်များ၏ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်အ ချို့တွင် နေရာကွက်ပြီး မိုးများလျက်ရှိသည့်အတွက် ဆည်တမံများ ရေဝင်ရောက်မှုနှင့် တမံကြံ့ခိုင်မှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက အ ချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးလျက်ရှိရာ တမံများ၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၁)ရက်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြိုနယ် ၊ ကြက်မောက်တောင် ရေလှောင်တမံ၏ စီးဝင်ချောင်းများတွင် မိုးများရွာသွန်း၍ ရေလှောင်ကန်အတွင်း စီးဝင်ရေများပြားပြီး ရေလှောင်တမံ၏ ရေပိုလွှမှ ရေကျော်စီးဆင်းလျက်ရှိရာ ရေလှောင်တမံရေဝင်ရောက်မှု အခြေအနေနှင့် ဆက်စပ်ရေအား အဆောက်အအုံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြက်မောက်တောင် ရေလှောင်တမံသည် ယခုနှစ် မိုးရွာသွန်းမှု ကောင်းမွန်မှန်ကန်မှုရှိခဲ့သဖြင့် စက်တင်ဘာ (၂၈) ရက် နံနက် (၁၀) နာရီတွင် ကန်ရေပြည့်မှတ်သို ရောက်ရှိခဲ့ပြီး စက်တင်ဘာ (၃၀) ရက် မွန်းလွဲ (၃) နာရီတွင် ရေပိုလွှ မှ အ မြင့်ဆုံး (၃ ဒသမ ၄၀)ပေအထိ ရေကျော်စီးဆင်းခဲ့သော်လည်း အောက်တိုဘာ (၁) ရက်တွင် ရေပိုလွှမှ အမြင့်ပေ (၂ ဒသမ ၇)ပေသာ ရေကျော်မှုရှိသောကြောင့် ရေအမှတ်များ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။
အလားတူ ရေလှောင်တမံ အောက်ပိုင်း မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမှာလည်း စက်တင်ဘာ (၃၀) ရက် ည နေပိုင်းတွင် ကားလမ်းမပေါ် ရေနှစ်ပေခန့် ကျော်ခဲ့ပြီး ယနေ့ နံနက်ပိုင်းမှ စတင်၍ ရေကျော်မှု လျော့နည်းလာသဖြင့် မော်တော်ယာဉ်ငယ်လေးများပါ ဖြတ်သန်းမောင်းနှင်နေမှုများ ရှိသည်။
ကြက်မောက်တောင် ရေလှောင်တမံကို ရုရှား-မြန်မာ ချစ် ကြည်ရေးအဖြစ် ရုရှားပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်း၍ (၁၉၆၁-၁၉၆၂) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ (၁၉၆၆-၁၉၆၇) ခုနှစ်တွင် ပြီးစီးခဲ့ပြီး တည်ဆောက်ပြီးခဲ့သည့်အချိန်မှ (၅၈)နှစ်တာကာလအတွင်း တမံရေပြည့်မှတ်သို့ ရောက်ရှိခဲ့ဖူးခြင်းမရှိဘဲ ယခုရက်ပိုင်း မိုးရွာသွန်းမှုများပြားသဖြင့် စက်တင်ဘာ (၂၉)ရက်တွင် တမံ၏ ရေပြည့်မှတ် F.T.L (RL-937.0ပေကို ကျော်လွန်ရောက်ရှိခဲ့ပြီး စက်တင်ဘာ(၃၀)ရက်၊ နံနက်(၉)နာရီတွင် ရေပြည့်မှတ် RL- 937.10 ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်သည် ဆည်တည်ဆောက်ပြီးချိန်မှ (၅၈)နှစ်အတွင်း ရေလှောင်တမံ၏ ရေပိုလွှဲ Crest မှ ပထမဆုံးအကြိမ်အဖြစ် ရေကျော်စီးဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။