မြစ်ထဲ လေးနာရီကြာမျောပါနေသော ထိုင်းအမျိုးသမီးကို မြန်မာနိုင်ငံသား ကယ်ဆယ်
ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၅
ထိုင်းနိုင်ငံ၊ စမွတ်ဆွန်ခရမ်ပြည်နယ်ရှိ မယ့်ကလောင်မြစ်ထဲ လေးနာရီကြာမျောနေခဲ့သော အသက် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတဦးကို မြန်မာနိုင်ငံသား အမျိုးသားတဦးက ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod English က ဖော်ပြသည်။
မယ့်ကလောင်မြစ်အတွင်း လေးနာရီကြာမျောပါနေပြီး ပြုတ်ကျခဲ့သည့်နေရာမှ သုံးကီလိုမီတာအကွာထိ ရောက်ရှိနေသော ထိုင်းအမျိုးသမီးအား အောက်တိုဘာ ၁ ရက် ည ၁၀ နာရီ၌ ကယ်တင်နိုင်ခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့မှ ၎င်းအား ကမ်းပေါ်သို့ ကူညီခေါ်ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသား သော်ဒီသည် မြစ်ကမ်းဘေး အလုပ်လုပ်နေစဥ် အော်ဟစ်အကူညီတောင်းသံ ကြားခဲ့ရာ အစပိုင်း သရဲဟုထင်မှတ်ခဲ့သော်လည်း ရေထဲတွင် ငါးဖမ်းလှေကြိုးတခုကို ဆုပ်ကိုင်ထားပြီး မောပန်းနေပုံရသော အမျိုးသမီးတဦးအား တွေ့ရှိခဲ့သဖြင့် သူငယ်ချင်းများကို ခေါ်ကာ အမျိုးသမီးကို ကမ်းပေါ်သို့ ဆွဲတင်၍ မျက်နှာသုတ်ပဝါ ပေးခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ခံရသူ သီဝမ်က ၎င်းသည် မြစ်ကမ်းဘေးတလျောက် ပုလင်းခွံများကောက်ယူ စုဆောင်းရင်း ခြေချော်ကျကာ မြစ်ထဲပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ဘေး၌ ငါးဖမ်းသင်္ဘောကြီးများ ဖြတ်သန်းသွားသော်လည်း ၎င်းအား မည်သူမျှမမြင်ခဲ့ ကြောင်း ပြောထားသည်။
ဓာတ်ပုံ - Khaosod English