❝ထိုင်းထဲကို ခိုးဝင်မယ့် မြန်မာ ၂၈ ဦးလိုက်ပါလာတဲ့ကားတစ်စီး လမ်းဘေးထိုးကျပြီး ဖမ်းဆီးခံရ❞
စက်တင်ဘာ ၂၉
ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၂၈ ဦးလိုက်ပါလာတဲ့ ကားတစ်စီးဟာ စစ်ဆေးရေးဂိတ်ကို အရှိန်ပြင်းစွာဖြတ်သန်းမောင်းနှင်ရာကနေ လမ်းဘေးမြောင်းထဲထိုးကျပြီး ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ စက်တင်ဘာ ၂၉ ရက်၊ မနက်အစောပိုင်း ၁ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။
အဲဒီကားဟာ ကန်ချနဘူရီပြည်နယ်၊ထောင်းဖာဖုမ်မြို့နယ် လမ်းဆုံ စစ်ဆေးရေးဂိတ်တစ်ခုက စစ်ဆေးဖို့ ရပ်တန့်ခိုင်းတာကို မောင်ပြေးခဲ့ရာကနေ ယခုလို လမ်းဘေးထိုးကျခဲ့တာကြောင့် ကားပေါ်မှာ ပြည့်ကြပ်စွာလိုက်ပါလာတဲ့ အထောက်အထားမဲ့ မြန်မာ ၂၈ ဦးလုံး အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။
အဆိုပါ မြန်မာနိုင်ငံသား ၂၈ ဦးထဲမှာ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၉ ဦး ပါဝင်တယ်လို့သိရပြီး သူတို့အားလုံး ပြင်းပြင်းထန်ထန်ဒဏ်ရာရတာမရှိခဲ့ဘဲ လက်ရှိမှာ ဥပဒေအရအရေးယူမှုတွေပြုလုပ်ဖို့ ထောင်းဖာဖုမ် ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး