ငါ တစ်ခုခုလုပ်မယ်ဆိုရင် အခြားလူတွေကိုပါ ထည့်ပြီးတော့ စဉ်းစားပေးရမယ် ။ ထည့်တွက်ရမယ် ။ အဲဒီလိုဆိုရင် ပြင်ပလောကမှာ ပိုပြီးတော့ သဘောထားပြည့်ဝတဲ့သူ ဖြစ်မယ် ။ အဲဒီလို သဘောထား ပြည့်ဝမှလည်းပဲ အပြင်လောကမှာ ပိုပြီးတော့ အဆင်ပြေတဲ့သူ ဖြစ်မယ် ။
အိမ်မှာ အမေနဲ့အဖေက တစ်ယောက်နဲ့တစ်ယောက် မတိုင် ပင်ဘူး ။ တစ်ယောက်တည်းက သူကြိုက်သလို လုပ်မယ် ။ တစ်ယောက်က ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ ၊ လုပ်သမျှခံရမယ်ဆိုရင် အဲဒီကလေးဟာ သူကိုယ်တိုင်က အဲဒီစရိုက် ပါသွားပြီး ကြီးလာတဲ့အခါမှာ ဘယ်သူကိုမှ မတိုင်ပင်ချင်ဘူး ။ သူလုပ်ချင်တာလုပ်မယ် ။ အဲဒီလိုဆိုရင် အပြင်လောက အသိုင်းအဝိုင်းထဲ ရောက်သွားတဲ့အခါမှာ သူက ညှိနှိုင်းရခက်တဲ့လူ ဖြစ်လာမယ် ။
ဟစ်တလာရဲ့ Biography ဖတ်ဖူးတယ် ။ ဟစ်တလာရဲ့အဖေက ဟစ်တလာကို ငယ်ငယ်တုန်းက သိပ်ရိုက်တာပဲတဲ့ ။ အမိန့်လည်း ပေးတယ် ။ ဘယ်တော့မှ ရှင်းမပြဘူး ။ သူ မကြိုက်တာ တစ်ခုတွေ့ပြီဆိုရင် သူ့အဖေက သူ့ကို ကောင်းကောင်းရိုက်တယ်တဲ့ ။ အဲဒီလူက ကြီးလာတော့ စိတ်က ကြမ်းတမ်းလာတယ် ။ သူကိုယ်တိုင်က အမိန့်ပေး ချင်တာပဲ ရှိတယ် ။ ဘယ်သူ့စကားမှ ပြန်နားထောင်ဖို့ စိတ်မကူးဘူး ။
ကြမ်းတမ်းတဲ့သူတွေ သေချာလေ့လာကြည့်တော့ မိဘမေတ္တာကို အပြည့်အဝမရခဲ့တဲ့ လူတွေပဲ ။ မိဘမေတ္တာကို ပြည့်ပြည့်ဝ၀ ရခဲ့တဲ့သူက ကြမ်းတမ်းတဲ့လူ မဖြစ်ဘူး ။ ဒါကြောင့် မိဘနဲ့ သားသမီး ဆက်ဆံရေး ၊ သားသမီးက မိဘအပေါ် ဆက်ဆံရေး ၊ ကိုယ့်သားသမီးနဲ့ ကိုယ် ဆက်ဆံရေး ၊ ကိုယ့်အိမ်သူအိမ်သားနဲ့ ဆက်ဆံရေး အဲဒါတွေဟာ လူ့ဘဝမှာ အရေးကြီးဆုံးဆက်ဆံရေး ဖြစ်တယ် ။ အဲဒါကို ကောင်းအောင် လုပ်ဖို့ လိုတယ် ။
#ဆရာတော်ဦးဇောတိက

image