ရန်ကုန်နည်းပညာတက္ကသိုလ် ကို အဆင့်မြင့်စေမည့် MOU ကို ရုရှားနိုင်ငံမှ Rosatom Technical Academy လက်မှတ်ရေးထိုး
စက်တင်ဘာ ၂၇
ရုရှားနိုင်ငံ မှ Rosatom Technical Academy နှင့် ရန်ကုန် နည်းပညာတက္ကသိုလ်တို့အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ် (MOU) လက်မှတ်ရေးထိုးခဲ့ကာ ယင်း စာချုပ်အရ ရန်ကုန် နည်းပညာတက္ကသိုလ်အနေဖြင့် အဆင့်မြင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅ (World Atomic Week Forum-2025) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ရာ ယင်းဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစာချုပ်အရ နျူကလီးယား သိပ္ပံ၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ သင်ရိုး ညွှန်းတမ်းများ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် အပြည်ပြည်ဆိုင်ရာစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန် နည်းပညာတက္ကသိုလ်နဲ့ ROSATOM Technical Academy နဲ့ အကြားမှာ ဒီလိုမျိုး နားလည်မှုစာချွန်လွှာတွေ ရေးထိုးပြီးတဲ့နောက်မှာ ပထမအနေနဲ့ ကျောင်းသား ကျောင်းသူအချင်းချင်း အပြန်အလှန်စေလွှတ်တာတွေ၊ သင်ကြားရေးနဲ့ပတ်သက်တဲ့ ဆရာ၊ ဆရာမတွေ ဖလှယ်တာတွေ၊ သုတေသနနဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပြီးတော့ ယဉ်ကျေးမှုချင်းဖလှယ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ရှိပါတယ်။ အခုလက်ရှိမှာလည်း မြန်မာနိုင်ငံက စေလွှတ်ထားတဲ့ ကျောင်းသားတွေအနေနဲ့ ROSATOM ရဲ့အကူအညီနဲ့ ရုရှားနိုင်ငံတက္ကသိုလ်တွေမှာ ပညာသင်ယူနေကြတာ တွေရှိပါတယ်။ နျူကလီးယား စွမ်းအင်နဲ့ပတ်သက်ရင် ရုရှားက ကမ္ဘာမှာ ပထမဆုံး Pioneer ဖြစ်တယ်။ ဒီအဏုမြူစွမ်းအင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီက ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ ဒီလိုမျိုး တက္ကသိုလ်တွေကနေ ပညာသင်ယူလေ့လာခွင့်ရတယ်ဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ HR ကဏ္ဍ၊ သုတေသနကဏ္ဍအပြင် နျူကလီးယားစွမ်းအင်နဲ့ပတ်သက်တဲ့ စီမံကိန်းတွေအတွက်ပါ အောင်မြင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရရှိလာနိုင်မှာဖြစ်ပါတယ်” ဟု Naypyidaw State Poly-technic University မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါက်တာစိုးလွင်အောင်က ပြောကြားထားသည်။
လက်မှတ်ထိုးခဲ့ရာ ဖိုရမ်သည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန် စိတ်ဝင်စားကြသည့် နိုင်ငံများ စုဝေးကြသည့် အကြီးမားဆုံးသော အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတစ်ခုလည်း ဖြစ်ပြီး ဖိုရမ်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပညာရှင်များ၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြရာ နျူကလီးယားစွမ်းအင်နှင့် သိပ္ပံနည်းပညာစွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာများတွင် အနာဂတ်တွင် မည့်သို့သက်ရောက်မှု ရှိနိုင်သည့် အခြေအနေဆိုင်ရာများကို ဆွေးနွေးလျက်ရှိသည်။ အဆိုပါဖိုရမ်တွင် စားပွဲဝိုင်းဆွေးနွေးပွဲများ၊ နားလည်မှုဆိုင်ရာ စာချွန်လွှာလက်မှတ်ရေးထိုးပွဲများပါရှိပြီး စွမ်းအင်ထုတ်လုပ်မှု ဆိုင်ရာများနှင့်ပတ်သက်၍ တက်ရောက်လာသူများ လေ့လာကြည့်ရှုနိုင်ရန် ပြခန်းများအား သက်ဆိုင်ရာနိုင်ငံများအလိုက် ခင်းကျင်းပြသထားကြောင်း သိရသည်။
Credit - NP News Agency
#centralnewsnaypyitaw