❝မဲဆောက်မှာ စက်ရုံတစ်ခုအတွင်း တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာ ၈ ဦး အဖမ်းခံရ❞
စက်တင်ဘာ ၂၆
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် ဖရထပ်ဖာဒဲင်ကျေးရွာက ကလေးကစားစရာထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၈ ဦး စက်တင်ဘာလ ၂၄ ရက်၊ မနက်ပိုင်းက အဖမ်းခံလိုက်ရတယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။
အဲဒီစက်ရုံကို လူဝင်မှုကြီးကြပ်ရေးနှင့်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေးတဲ့အခါ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားလုပ်ငန်းရှင် ၁ ဦးနဲ့ မြန်မာအလုပ်သမား ၇ ဦး စုစုပေါင်း ၈ ဦးတို့ကို တွေ့ရှိခဲ့တာလို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်တွေအရ အဲဒီမြန်မာအလုပ်သမား ၈ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးပြီး ဥပဒေအရ အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၅ ရက်နေ့မှာလည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းနိုင်ငံ၊ စရပူရီပြည်နယ်မှာ ကားတစ်စီးပေါ်ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ အဝေးပြေးလမ်းမရဲတပ်ဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw




