☸ အတွေ့ရများတတ်တဲ့ ပိုးလေးဖက်နာရောဂါ ☸
အဆစ်အမြစ်တွေ နာလို့ လေးဘက်နာရောဂါ များရှိသလားလို့ လာမေးတဲ့ လူနာတွေကို ဆေးခန်းကို ခဏခဏ ရောက်လာတတ်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ ဒီ ပိုးလေးဖက်နာ အကြောင်းကို နည်းနည်းရှင်းပြပေးချင်ပါတယ်။
ပိုးလေးဖက်နာ ဘယ်ကစဖြစ်သလဲ...?
ပိုးလေးဖက်နာ လို့ ဆိုတဲ့ အတိုင်း ရောဂါ ဖြစ်ရခြင်းဟာ Group A Streptococcal ဘက်တီးရီးယား တွေ ကူးစက်ခံရတာက စတင်ပါတယ်။ ဒီရောဂါပိုးဟာ တိုးတက်နေပြီဖြစ်တဲ့ ဥရောပတိုင်းပြည်တွေ နဲ့ USA လို မြောက်အမေရိက တိုင်းပြည်တွေမှာ ကူးစက်ခံရတာဟာ မရှိသလောက် နည်းနေပြီဖြစ်ပြီး အာရှ ၊ အာဖရိက နဲ့ တောင်အမေရိကတိုက် တစ်ချို့ နိုင်ငံတွေ မှာတော့ ဒီရောဂါ ဖြစ်ပွားမှုဟာ ရှိနေဆဲပဲ ဖြစ်ပါတယ်။
အသက် ၅နှစ် ၁၀နှစ် အရွယ် ကလေးတွေ နဲ့ အပျို လူပျိုပေါက် ဝင်ခါစ အရွယ်တွေမှာ ဒီဘက်တီးရီးယားပိုး စဝင်တတ်ပါတယ်။ ဒီလို ဝင်တဲ့ အချိန်မှာ လည်ချောင်းနာတတ်ပါတယ်။ ကိုယ်တွင်းကို ဘက်တီးရီးယားပိုး ဝင်ရောက်လာတာ ဖြစ်တဲ့ အတွက် ကိုယ်တွင်းက ခုခံအားစနစ်ဟာ ဘက်တီးရီးယားကို ပြန်လည် တိုက်ထုတ်ဖို့ အတွက် antibody တွေ ထုတ်ပါတယ်။ ဒီထွက်လာတဲ့ antibody တွေဟာ ဘက်တီးရီးယား ကိုသာမကပဲ လူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ နှလုံး အဆစ် နဲ့ အရေပြားတွေကိုပါ တိုက်ခိုက်မိတဲ့အခါမှာ ထိတဲ့ အင်္ဂါပေါ်လိုက်ပြီး ပိုးလေးဖက်နာ အစရှိတဲ့ ရောဂါ လက္ခဏာမျိုးတွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။
ASO ဆိုတာဘာလဲ...?
ပိုးလေးဖက်နာရှိတယ်လို့ ထင်ကြတဲ့ အခါမှာ ဆရာဝန် ညွှန်ကြားလို့ပဲ ဖြစ်ဖြစ် ကိုယ့်သဘောနဲ့ ကိုယ်ပဲ ဖြစ်ဖြစ် Antistreptolysin O (ASO) တွေကို ဖောက်လာကြပါတယ်။ ဒါကြောင့် ASO ဆိုတာဟာ ဘာလဲ ဆိုတာကို သိချင်ကြမှာ ဖြစ်သလို သိလည်းသိသင့်တယ်လို့ ထင်ပါတယ်။ ASO စစ်တယ်ဆိုတာဟာ ကိုယ်တွင်းကို ဘက်တီးရီးယားဝင်သွားတယ် ဆိုတာ ဟုတ်မဟုတ်ကို သိချင်တဲ့ အတွက်ကြောင့် စစ်တာဖြစ်ပါတယ်။ ASO တွေများနေတယ် ဆိုတာဟာ ဒီ ဘက်တီးရီးယားပိုး ကိုယ်တွင်းကို ဝင်သွားတယ်လို့ပဲ ယေဘုယျ ကောက်ချက်ဆွဲလို့ ရပါတယ်။
ဒါပေမဲ့ စောစောက ပြောခဲ့တဲ့ အတိုင်း ပိုးလေးဖက်နာဟာ ပိုးကြောင့် တိုက်ရိုက်မဟုတ်ဘဲ antibody တွေကြောင့် ဖြစ်တာ ဖြစ်တဲ့ အတွက် ASO တစ်မျိုးတည်းတက်ပြီး ကျန်တဲ့ လက္ခဏာတွေ မရှိဘူးဆိုရင်တော့ အဆစ်အမြစ်နာတာဟာ ပိုးလေးဖက်နာကြောင့် ဖြစ်တယ် ဟုတ်မဟုတ်ဆိုတာကို အတိအကျ ပြောနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် ASO တစ်မျိုးတည်းတက်ပြီး ပိုးလေးဖက်နာမှာ တွေ့တတ်တဲ့ ကျန်တဲ့ လက္ခဏာတွေ မရှိဘူးဆိုရင် အဆစ်ကိုက်ခဲတာဟာ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်သေးတဲ့ အတွက် တခြားရောဂါတွေကိုပါ လိုက်ရှာရလေ့ ရှိပါတယ်။
ပိုးလေးဖက်နာလို့ ဘယ်အခါမှာ သတ်မှတ်သလဲ ?
ပိုးလေးဖက်နာကို ဖြစ်စေတဲ့ antibody ဟာ အဆစ်တွေကိုသာမက နှလုံးနဲ့ အရေပြားတွေကိုပါ တိုက်ခိုက်ပါတယ်။ ဒါကြောင့် ASO တက်တာ အပြင် တခြားလက္ခဏာတွေ ဖြစ်တဲ့ နှလုံးရောင်လို့ ရင်ဘတ်အောင့်တာ၊ အရေပြားမှာ အကွက်ဖြစ်တာ အစရှိတာတွေပါ ရှိတယ်ဆိုရင် ပိုးလေးဖက်နာ ဖြစ်ဖို့ ပိုသေချာလာပါတယ်။ ဖျားတာဟာလည်း ကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေ လက်ရှိဖြစ်နေတာကို ပြသနိုင်တဲ့အတွက် ဖျားနေတယ်ဆိုရင် ပိုးလေးဖက်နာ ဖြစ်နိုင်ချေ ပိုများပါတယ်။ ECG ဆွဲကြည့်တဲ့ အခါ နှလုံးခုန်မမှန်တာတွေ တွေ့ရတာ ၊ သွေးစစ်ကြည့်တဲ့ အခါ သွေးဖြူဥတွေ များနေတာ ESR CRP တွေများနေတာဟာ ပိုးလေးဖက်နာ ပိုဖြစ်နိုင်တယ် ဆိုတာကို ပြပေးပါတယ်။
သေချာပြီ ဆိုရင် ဘယ်လို ကုသမလဲ...?
Penicillin သောက်ဆေး သို့ ထိုးဆေးပေးတတ်ပါတယ်။ ဒီနေရာမှာလည်း Antibody ကြောင့် ဖြစ်တာကို ဘာကြောင့် ပိုးသတ်ဆေး ပေးတာလဲ လို့ မေးစရာရှိနိုင်ပါတယ်။ ကိုယ်တွင်းမှာ ပိုးတွေရှိနေသေးတဲ့အခါမှာ ဒီ ဘက်တီးရီးယားတွေကို တိုက်ထုတ်ဖို့ အတွက် Antibody ဆက်များနေပါလိမ့်မယ်။ ဒါကြောင့် Antibody တွေကို လျော့ချပေးဖို့ အတွက် ကိုယ်တွင်းမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးကို ရှင်းရပါမယ်။ ပိုးသတ်ဆေးကို ဒီရည်ရွယ်ချက်နဲ့ ပေးပါတယ်။
Credit original writter