❝နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောလိုပါက စက်တင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ခွင့်ပြုပေးမည်❞

"ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမှုပြုသော ဟောပြောမှုပြုလုပ်ခြင်း ခွင့်ပြုမည်မဟုတ်ဟုဆို"

စက်တင်ဘာ ၂၆

လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန်အလို့ငှာ မိမိတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခြင်းကို စက်တင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ခွင့်ပြုပေးရန် စီစဉ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၁၁၇ / ၂၀၂၅ ) ဖြင့် စက်တင်ဘာ ၂၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါအစီအစဥ်၌ ဟောပြောတင်ပြလိုလျှင် သက်ဆိုင်ရာပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးများအနေဖြင့် လာမည့် အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ သက်ဆိုင်ရာပါတီမှ ဟောပြောစည်းရုံးမည့် ပုဂ္ဂိုလ် အမည်၊ တာဝန်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကိုဖော်ပြ၍ ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်သည်။

ခွင့်ပြုမိန့် လျှောက်ထားသည့် စာမူသည် Pyidaungsu Font Size 13 ဖြင့် (A) အရွယ်အစား စက္ကူ (၇) မျက်နှာ ထက်မပိုစေရဘဲ ပါတီ၏တေးသီချင်းများ (ရုပ်/သံပါ) ထည့်သွင်းလိုပါက သီချင်းခွေ ၂ ခွေနှင့်အတူ သီချင်းစာသားကိုပါ ပေးပို့ရမည်ဟု အသိပေးထားသလို အဆိုပါ အစီအစဉ်များမှ မဲဆွယ်စည်းရုံးဟောပြော ခြင်းမပြုလိုပါက မပြုလိုကြောင်း အကြောင်းကြားစာပေးပို့ရမည်ဟု ဆိုထားသည်။

ယင်း အစီအစဉ်များမှ ဟောပြောခွင့်ပြုရန် လျှောက်ထားကြသည့် နိုင်ငံရေးပါတီများကို အလှည့်ကျ ဟောပြောတင်ပြနိုင်စေရန်အတွက် နိုင်ငံရေးပါတီ တစ်ခုချင်းအလိုက် ဟောပြောတင်ပြခွင့်ရရှိသည့် နေ့ရက်နှင့် အချိန် ဇယားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းသတ်မှတ်ပေးမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဟောပြောတင်ပြလိုသည့်စာမူကို စိစစ်ပြီး ခွင့်ပြုမိန့် ထုတ်ပေးခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင် ရေးသားစေပြီး ခွင့်ပြုမိန့် ထုတ်ပေးမည်ဖြစ်သလို သတ်မှတ်သော နေ့ရက်၊ အချိန်ဇယားနှင့်အညီ ခွင့်ပြုသည့် နေ့ရက်၊ အချိန်အပိုင်းအခြားနှင့် ဟောပြောရန် ခွင့်ပြုသည့် ပုဂ္ဂိုလ်၏အမည်ကို ခွင့်ပြုမိန့်တွင် ဖော်ပြပေးမည်ဖြစ်သည်။

ထို့ပြင် ပြန်လည်ပြင်ဆင်ရေးသားရန်အတွက် ရိုက်ကူးမည့်နေ့ မတိုင်မီ လျှောက်ထားသူထံ အကျိုးအကြောင်းဖော်ပြလျက် အကြောင်းပြန်ကြားပေးမည်ဖြစ်ပြီး နိုင်ငံရေးပါတီ တစ်ခုလျှင် ဟောပြောချိန် ၁၅ မိနစ်အထိ ခွင့်ပြုပေးမည်ဖြစ်ကာ ပါတီ၏တေးသီချင်းများကို ထုတ်လွှင့်လိုပါက ဟောပြောရန် ခွင့်ပြုသည့် သတ်မှတ်ချိန် ၁၅ မိနစ်အတွင်းသာ ထုတ်လွှင့်ခွင့်ပြုမည်ဖြစ်သည်။

အဆိုပါ ဟောပြောစည်းရုံးမှုကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ တိုင်းရင်းသားဘာသာဖြင့်ဖြစ်စေ စည်းရုံးဟောပြောခွင့်ပြုမည်ဖြစ်သော်လည်း တိုင်းရင်းသားဘာသာဖြင့် ဟောပြောစည်းရုံးမည်ဆိုပါက မြန်မာဘာသာဖြင့်လည်း ပူးတွဲတင်ပြရမည်ဟု UEC က အသိပေးထားသည်။

ထိုသို့ ဟောပြောတင်ပြရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ကို ထိခိုက်စေသည့် ဟောပြောမှုများကို ခွင့်ပြုမည်မဟုတ်သလို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေး ကို ထိခိုက်စေသည့် ဟောပြောမှုများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှု မရှိသော ဟောပြောမှုများကို ခွင့်ပြုမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

အလားတူ နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောမှုများ၊ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောမှုများနှင့် လူမျိုးရေးသို့မဟုတ်ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ် စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုများကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးထားသည်။

ထို့ပြင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမှုပြုသော ဟောပြောမှုများ၊ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော် ဟောပြောမှုများနှင့် နိုင်ငံ့ဝန်ထမ်းများအား ယင်းတို့၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရအား ဆန့်ကျင်ဆန္ဒပြစေရန် သွေးထိုးလှုံ့ဆော် ဟောပြောမှုများကိုပါ ခွင့်ပြုမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#centralnewsnaypyitaw

image