မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရာတွင် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပေးရန် IAEA ကို တောင်းဆိုခဲ့

စက်တင်ဘာ ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Atom Museum ၌ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic week forum 2025) အတွင်း “နည်းပညာသစ်မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့ (From a New Technological Rollout to a New Worldview)" ခေါင်းစဉ်ဖြင့် ပြုလုပ်သော မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့​ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ​က မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်အသုံးပြုနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်က စ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) နှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး နျူကလီးယားစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်းသည် နျူကလီးယား စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ် စတင်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အလားတူ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ရန်ကုန်မြို့တွင် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ဖွင့်လှစ်နိုင်ခဲ့သဖြင့် နျူကလီးယားနယ်ပယ်တွင် အတွေ့အကြုံကြွယ်ဝပြီး ထိပ်တန်းဖြစ်သည့် ရုရှားနိုင်ငံနျူကလီးယားစက်ရုံနှင့် နည်းပညာအပေါ် မီဒီယာမျိုးစုံနှင့်ပြည်သူလူထု ပိုမိုနားလည် သဘောပေါက်စေရန် ဆောင်ရွက်နိုင်ခဲ့သလို အမျိုးသားအဆင့်နျူကလီးယားအခြေခံ အဆောက်အအုံနယ်ပယ်များ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းလမ်းညွှန်ချက်များ (Terms of Reference - ToR) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ “ROSATOM" နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး သိပ္ပံပွဲတော် ၂၀၂၃နှင့် သိပ္ပံပွဲတော် ၂၀၂၄ တို့ကို နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာနှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်(YTU) တို့၌ ကျင်းပနိုင်ခဲ့သည့်အတွက် မြန်မာကျောင်းသားများကို နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာနှင့် ဗဟုသုတများစွာ ရရှိစေခဲ့ကြောင်းနှင့် ROSATOM မှ ချီးမြှင့်သည့် ပညာသင်ဆုအစီအစဉ်ဖြင့် Small Modular Reactor-SMR အတွက် လုပ်ငန်းလိုအပ်ချက်များအပါအဝင် နျူကလီးယားစွမ်းအင်နှင့် နျူကလီးယားနည်းပညာအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ​ပြောကြားသည်။

ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရာတွင် လုပ်ငန်းမှတ်တိုင် သုံးခု၊ လုပ်ငန်းအဆင့်သုံးခုတို့ဖြင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ROSATOM ၏ Timeline အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် ၁၉၅၇ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ (International Atomic Energy Agency-IAEA)၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ချိန်မှစပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (Technical Cooperation)တွင် ပါဝင်ခဲ့ကြောင်း၊

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီအနေဖြင့် လုပ်ငန်းရန်ပုံငွေပံ့ပိုးပေးခြင်း၊ စက်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အဦများ မြှင့်တင်ပေးခြင်း တို့အပြင် လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင် ပါဝင်စေခြင်း၊ နည်းပညာဆိုင်ရာသင်တန်းများပေးခြင်း၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ ဆောင်ရွက်စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ​ပြောကြားသည်။

ထို့အတူ ၂၀၂၄ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီက ကြီးမှူးကျင်းပသည့် နျူကလီးယားဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နျူကလီးယားဥပဒေကို ပြင်ဆင်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 ၂၀၂၅ ခုနှစ်အတွင်း ROSATOM နည်းပညာအကယ်ဒမီနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီတို့ ကြီးမှူးကျင်းပသည့် နိုင်ငံခြားကျွမ်းကျင်သူများအတွက် အမျိုးသားအဆင့်နျူကလီးယားအစီအစဉ်များ အကောင်အထည်ဖော်မှုတွင် ပါဝင်သည့် အငယ်စား နျူကလီးယားလျှပ်စစ်ဓာတ်အားပေး စက်ရုံများနေရာချထားခြင်းဆိုင်ရာ ဒေသတွင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးသင်တန်းကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၈ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း။ 

မြန်မာနိုင်ငံအနေဖြင့် IAEA အဖွဲ့ဝင်နိုင်ငံအဖြစ် နျူကလီးယားနယ်ပယ်များ မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ရေး နှစ်ပေါင်းများစွာကတည်းက ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တုံ့နှေးနေခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်ကစပြီး ရုရှားနိုင်ငံနှင့်ပူးပေါင်းကာ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ကြိုးစားခဲ့မှု၊ ရုရှားနိုင်ငံ၏အဘက်ဘက်မှ အားဖြည့်ဆောင် ရွက်ပေးမှုတို့ကြောင့် တိုးတက်မှုများသိသာစွာရရှိခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံတွင် ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် ROSATOM နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် အခြေခံအဆောက်အဦများနှင့် အခြားသောကဏ္ဍ ပေါင်းစုံတိုးချဲ့ဆောင်ရွက်နိုင်ရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

#centralnewsnaypyitaw

image
image
image