#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ငြိမ်းချမ်းရေးနိုဘယ်ဆုရလိုပါက ဂါဇာစစ်ပွဲကို ဒေါ်နယ်ထရန့် အဆုံးသတ်ပေးရန်လို
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆု ရယူလိုပါက ဂါဇာစစ်ပွဲကိုအဆုံးသတ်ပေးရန်လိုကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဂါဇာစစ်ပွဲကို အဆုံးသတ်ပေးရေးအတွက် အစ္စရေးနိုင်ငံကို ဖိအားပေးနိုင်သောသူမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တစ်ဦးတည်းသာရှိကြောင်း ပြင်သစ်အခြေစိုက်ရုပ်သံဌာနတစ်ခုနှင့်ပြု လုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်း၌ သမ္မတမက်ခရွန်က ထုတ်ဖော်ပြောကြားခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်အနေဖြင့် ယခုနှစ်ငြိမ်းချမ်းရေး နိုဘယ်ဆုကိုရယူလိုပါက ဂါဇာစစ်ပွဲကိုအဆုံးသတ်ပေးနိုင်မှသာလျှင် ရယူနိုင်လိမ့်မည်ဖြစ်ကြောင်း သမ္မတမက်ခရွန်ကသုံးသပ်ထားသည်။
ကမ္ဘောဒီးယား၊ အစ္စရေးနှင့်ပါကစ္စတန်ကဲ့သို့ နိုင်ငံများသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့် ကိုယခုနှစ်ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် အမည်စာရင်းတင်သွင်းထားသည်။
၎င်းအနေဖြင့် ယခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုဖြင့် ထိုက်တန်သူဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကလည်း ပြောကြားထားသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ ၂၃ ရက်က မိန့်ခွန်းပြောကြားရာတွင် ဂါဇာစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းရမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သော်လည်း ပါလက်စတိုင်းကို လွတ်လပ်သည့်နိုင်ငံအဖြစ် အနောက်အုပ်စုမဟာမိတ်များက အသိအမှတ်ပြုလာမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ် စစ်ရေးပဋိပက္ခအပါအဝင် နိုင်ငံတကာပဋိပက္ခအချို့ ပြီးဆုံးရေးအတွက် ယခုနှစ်အတွင်းကြားဝင်ညှိနှိုင်းပေးခဲ့ ဖူးသည်။
ရိုက်တာ

image