◼ အလုပ်သမားသမဂ္ဂများ အားကောင်းလာမှုကြောင့် အမေရိကန်စီးပွားရေးနှင့် နိုင်ငံခြားရေးမူဝါဒအပေါ် သက်ရောက်မှုရှိလာ
အလုပ်သမားသမဂ္ဂများ ပြန်လည်အားကောင်းလာမှုကြောင့် အမေရိကန်ပြည်ထောင်စု၏စီးပွားရေးနှင့် နိုင်ငံခြားရေးမူဝါဒတို့အပေါ် အကျိုးသက်ရောက်မှုများရှိလာနိုင်ကြောင်း အမေရိကန်ပြည်ပဆက်ဆံ ရေးကောင်စီ (စီအက်ဖ်အာရ်) က ထုတ်ပြန်သည့် အစီရင်ခံစာ၌ သုံးသပ်ထားသည်။
၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုသည် နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး အလုပ်သမားဆန္ဒပြပွဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ အလုပ်သမားသမဂ္ဂများ၌ အဖွဲ့ဝင်အင်အားကာလရှည်ကျဆင်းခဲ့ပြီး လုပ်ခလစာဆိုင်ရာတောင်းဆို ချက်များ ကာလအတန်ကြာ ငြိမ်သက်နေခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စု၌ အလုပ်သမားသမဂ္ဂများ ပြန်လည်အင်အား ကောင်းလာခဲ့သည်။
ယင်းကဲ့သို့ အလုပ်သမားသမဂ္ဂများ၌လုပ်သားများအားကောင်းလာခြင်းသည် အလုပ်သမားတို့၏ ဩဇာပြန်လည်ဆင်းသက်လာမှု၏ လက္ခဏာဖြစ်ကြောင်း အချို့ပညာရှင်များက သုံးသပ်ထားသည်။
သို့ရာတွင် အလုပ်သမားသမဂ္ဂများဆန္ဒပြလှုပ်ရှားမှုများ မြင့်တက်လာမှုကြောင့် အမေရိကန်ပြည်ထောင်စု၏ ကုန်စည်စီးဆင်းမှု ကွင်းဆက်ခိုင်မာမှု စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်းတို့ ထိခိုက်သွားနိုင်ကြောင်း အချို့စီးပွားပညာရှင်များက သတိပေးထားသည်။ အလားတူ အလုပ်သမားသမဂ္ဂများအား ကောင်းလာမှုသည် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒအပေါ်တွင်လည်း ပိုမိုဩဇာညောင်းလာနိုင်ကြောင်း ပြည်ပဆက်ဆံရေးကောင်စီအစီရင်ခံစာ၌ ဖော်ပြထားသည်။
လူလတ်တန်းစားအခြေပြု နိုင်ငံခြားရေးမူဝါဒအရ သမ္မတဟောင်းဂျိုးဘိုင်ဒင်သည် ၂၀၂၃ ခုနှစ်အတွင်း ပစ္စဘတ်အခြေစိုက် အမေရိကန်သံမဏိစက်ရုံတစ်ရုံအား ဂျပန်အခြေစိုက် နီပွန်သံမဏိလုပ်ငန်းက ဝယ်ယူရေးအစီအစဉ်ကို အမေရိကန်သံမဏိလုပ်သားများသမဂ္ဂ၏ ကန့်ကွက်မှုကြောင့် ပယ်ဖျက်ပေးခဲ့ရသည်ကို သာဓကအဖြစ်ကျွမ်းကျင်သူများက ထောက်ပြထားသည်။
အလုပ်သမားသမဂ္ဂများ အင်အားကောင်းလာမှုကြောင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်၌ အလုပ်သမားများကို ဦးစားပေးခဲ့သလို လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်တွင်လည်း အလုပ်သမားများကို ဆက်လက်ဦးစားပေးနေဆဲဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။ အလုပ်သမားသမဂ္ဂများ ကြောင့် အဖွဲ့ဝင်အလုပ်သမားများ အကျိုးကျေးဇူးရှိသော်လည်းစားသုံးသူများ နစ်နာနိုင်ကြောင်း ငြင်းချက် ထုတ်မှုများရှိနေသည့်တိုင် လက်ရှိ အချိန်တွင် အမေရိကန်ပြည်သူများကလည်း အလုပ်သမားများကို မျက်နှာသာ ပိုပေးလာကြောင်း သိရသည်။
ကိုးကား - စီအက်ဖ်အာရ်
ရေး - ကြည်လှ
#နိုင်ငံတကာသတင်း

image