10 w - Translate

ပဲခူးနှင့် မွန်တွင် အနိမ့်ပိုင်းနေရာအချို့ ရေဝင်ရောက်၊ မြစ် ၄ ခု စိုးရိမ်ရေမှတ်အထက် ရောက်နိုင်
ပဲခူးတိုင်းနှင့် မွန်ပြည်နယ်ရှိ အနိမ့်ပိုင်းကျေးရွာဒေသအချို့တွင် မြစ်ရေ ချောင်းရေများ မြင့်တက်၍ လူနေအိမ်များ၊ လမ်းမများပေါ်အထိ ရေဝင်​ရောက်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ (စက်တင်ဘာ ၂၄ ရက်) ကစ၍ မိုးရွာသွန်းမှုများကာ ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဇိုင်းတောင်၊ မြို့သစ်၊ ကျောက်ကြီးစုရပ်ကွက် ကန်သာယာလမ်း၊ စီမံကိန်းလမ်း၊ ကျွန်းသာယာရပ်ကွက်၊ ကလျာဏီရပ်ကွက်တို့အတွင်း ရေစဝင်နေခြင်းဖြစ်ပြီး ယနေ့ ညနေပိုင်းအထိ ရေထပ်တိုးလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
အလားတူ တောင်ငူမြို့နယ် (၉) ရပ်ကွက် ၊ (၁၀) ရပ်ကွက်၊ သဖန်းပင် ၊ အနောက်ဆင်၊ မြစ်ကြီးပေါက်‌၊ အလယ်ကျွန်း စသည့် ဒေသများ အပါအဝင် အနိမ့်ပိုင်းဒေသအချို့ဘက်တွင်လည်း ယမန်နေ့မွန်းလွဲပိုင်းကစ၍ ရေတက်လာကြောင်း သိရသည်။
“ မိုးက ရွာတာ မဲသည်းနေရော။ နေရောင်ကို မမြင်ရဘူးဗျာ။ ရေကတော့ အခု တောင်ငူက စိုးရိမ်ရေမှတ်ရောက်နေပြီတဲ့။ ရေဆက်တက်ရင်တော့ (ရေ) ပြန်ကြီးဦးမှာပဲ” ဟု တောင်ငူမြို့ခံတဦးက ပြောသည်။
ပဲခူးမြို့ ဇိုင်းတောင်ရပ်ကွက်မှ အမျိုးသမီးတဦးကလည်း “ရေပြန်တက်ပြန်ပြီကွယ်၊ မိုးကလည်းရွာ။ အစ်မတို့အိမ်ဘက်မှာတော့ ဒီနေ့ ခြေသလုံးမြုပ်နေပြီ” ဟု ဆိုသည်။
တဖန် မိုးရွာသွန်းမှုများပြီး ချောင်းရေလျှံမှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားရွာအတွင်း ရေဝင်ရောက်မှုများနေပြီး ရွာခံအမျိုးသားတဦး ရေဆင်းကူးရာမှ ရေထဲမျောပါ ပျောက်ဆုံးနေကြောင်း သိရသည်။
မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်းရှိ မင်းဘူး-စကု ကားလမ်း၊ ရွှေစက်တော်ဘုရားသွားရာ လမ်းတလျှောက်တို့တွင် ရေသုံးပေခန့် ကျော်လွန်နေကြောင်း မီးသတ်ဌာနက သတင်းထုတ်ပြန်ထားသည်။ ရွှေစက်တော်ဘုရားအနီးရှိ မန်းချောင်းရေလျှံရာမှ ရေကျော်လာခြင်းဖြစ်ပြီး အောက်စက်တော်ရာဘုရားဝင်းအတွင်းသို့ပါ ရေဝင်ရောက်နေကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်မှာ ယနေ့ (စက်တင်ဘာလ ၂၅ ရက်) မွန်းလွဲ ၁၂ နာရီခွဲတိုင်းတာချက်အရ တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက် နှစ်စင်တီမီတာအလိုတွင် ရောက်ရှိနေပြီး ပဲခူးမြစ်ရေသည်လည်း ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက် တပေခန့်တွင် ရောက်ရှိနေကြောင်းနှင့် လာမည့် ၂၄ နာရီအတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက်သို့ အသီးသီးရောက်နိုင်ကြောင်း သတိပေးထားသည်။
အလားတူ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် တပေခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း တပေခန့် ဆက်လက်မြင့်တက်နိုင်သေးကြောင်း၊ ဘီးလင်းမြစ်ရေသည်လည်း ဘီးလင်းမြို့တွင် စိုးရိမ်ရေအမှတ်အောက် တပေခွဲခန့်တွင် ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်နိုင်ကြောင်း သတိပေးထားသည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးပြည်နယ်တောင်ပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိသော အားကောင်းသော အပူပိုင်းမုန်တိုင်းသည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အပူပိုင်းမုန်တိုင်း “ရာဂါဆာ” အဖြစ် အားလျော့သွားခဲ့ကာ ကွမ်ရှီးပြည်နယ်ကို ဆက်လက်ဖြတ်ကျော်လျက်ရှိကြောင်း၊ လာမည့် ၁၂ နာရီအတွင်းအပူပိုင်းမုန်တိုင်းငယ်အဖြစ် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်းဆိုသည်။
သို့ဖြစ်ရာ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကချင်၊ ကရင်နီ (ကယား)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်း အထက်ပိုင်း၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာ စိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ဖော်ပြထားသည်။

image