တရုတ်အတွက် သူလျှိုလုပ်မှု ထိုင်ဝမ်သမ္မတရုံး ဝန်ထမ်းဟောင်းအပါအဝင် လေးယောက်ကို ထောင်ဒဏ်ချ

တိုင်ပေ၊ စက်တင်ဘာ ၂၅

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်မှုကြောင့် ထိုင်ဝမ်သမ္မတရုံး ဝန်ထမ်းဟောင်းတယောက်အပါအဝင် လူလေးယောက်ကို ထိုင်ဝမ်တရားရုံးက ထောင်ဒဏ်လေးနှစ်မှ ၁၀ နှစ်အထိ ချမှတ်လိုက်ပါတယ်။

ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ဖောက်ဖျက်ကာ တရုတ်သူလျှိုသံသယရှိသူ သမ္မတရုံးဝန်ထမ်းကို အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) မှ နှင်ထုတ်ခံရပြီးနောက် တလအကြာ ဇွန်လမှာ လူလေးယောက်ကို တရားစွဲဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်ရေးအင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ တရုတ်ဟာ ကျွန်မှာ သူလျှိုစိမ့်ဝင်မှုတွေကို လုပ်ဆောင်နေတယ်လို့ ထိုင်ဝမ်က စွပ်စွဲထားပါတယ်။

ထောင်ဒဏ်ချခံလိုက်ရသူလေးယောက်ဟာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ကာ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပေါက်ကြားမှု၊ ခွဲခြားသတ်မှတ်ထားတဲ့ အမျိုးသားလုံခြုံရေး သတင်းအချက်အလက်ကာကွယ်ရေးဥပဒေ ဖောက်ဖျက်ကျူးလွန်ကြောင်း တိုင်ပေခရိုင်တရားရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“သူတို့က သူလျှိုလုပ်၊ စုဆောင်း၊ ပေါက်ကြားပြီး ပေးပို့တဲ့ အချက်အလက်တွေဟာ အရေးကြီးတဲ့ သံတမန်ရေးဆိုင်ရာ ထောက်လှမ်းမှု ပါ၀င်နေတာကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ခက်ခဲတဲ့ သံတမန်ရေးရာ အခြေအနေတွေကို ပိုဆိုးသွားစေပါတယ်” ဟု တရားရုံးက ဆိုပါတယ်။

ဒါဟာ နိုင်ငံရဲ့ သံတမန်လုံခြုံရေးကို အန္တရာယ်ဖြစ်စေပြီး အလွန်စက်ဆုတ်ဖွယ်ကောင်းတဲ့ ကိစ္စဖြစ်ပြီး နိုင်ငံခြားရေး ၀န်ကြီးကဲ့သို့သော အဆင့်မြင့်အရာရှိတွေရဲ့ ခရီးစဉ်တွေကို မျှဝေခြင်းတွေလည်းလုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ဆယ်နှစ် အပြင်းထန်ဆုံး ပြစ်ဒဏ်မှာ ထိုင်ပေမြို့ ကောင်စီဝင်တယောက်ဆီမှာ ယခင်က အလုပ်လုပ်ခဲ့ဖူးတဲ့ Huang Chu-jung အတွက် ဖြစ်ပါတယ်။ သူဟာ ယခင်က နိုင်ငံခြားရေးဝန်ကြီး Joseph Wu ရဲ့ လက်ထောက် Ho Jen-chieh ထံမှ ရရှိခဲ့တဲ့ လျှို့ဝှက်အချက်အလက်တွေကို ကုဒ်ဝှက်ထားသောဆော့ဖ်ဝဲကိုအသုံးပြုပြီး တရုတ်အေးဂျင့်တွေကို ပေးပို့ခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။

Ho Jen-chieh ကိုတော့ ထောင်ဒဏ် ရှစ်နှစ်နဲ့ နှစ်လ ချမှတ်ခဲ့ပါတယ်။ ကျန်နှစ်ယောက်ကတော့ Chiu Shih-yuan နဲ့ Huang တို့ဖြစ်ပြီး ထောင်ဒဏ် ခြောက်နှစ်နဲ့ နှစ်လ၊ သမ္မတရုံးဝန်ထမ်းဟောင်း Wu Shang-yu တော့ ထောင်ဒဏ်လေးနှစ် ချမှတ်ခံခဲ့ရပါတယ်။

တရုတ်နဲ့ ထိုင်ဝမ်တို့ဟာ အချင်းချင်း ထောက်လှမ်းနေတာ ဆယ်စုနှစ်များစွာကြာနေပြီဖြစ်ပေမယ့် ထိုင်ဝမ်အတွက် ခြိမ်းခြောက်မှုဟာ တရုတ်ကျူးကျော်မှုဖြစ်နိုင်ခြေ ပိုများတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရိုကတော့ ယမန်နှစ်က တရုတ်သူလျှိုလုပ်မှုအတွက် တရားစွဲခံရသူ ၆၄ ယောက်ရှိပြီး ထောင်ဒဏ်အနှစ် ၂၀ အထိ ချမှတ်ခံရနိုင်ကြောင်း ပြောပါတယ်။

Ref:AFP

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image