#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အသက်ကယ် အေအိုင် Air Bag စနစ် ဒူဘိုင်းမှ အင်ဂျင်နီယာကျောင်းသားနှစ်ဦး အကောင်အထည်ဖော်နေ
ခရီးသည်လေယာဉ်တစ်စင်း ပျက်ကျချိန်တွင် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် AI Air Bag စနစ်တစ်ခုကို အကောင်အထည်ဖော်နေကြောင်း သိရသည်။
လေယာဉ်တစ်စင်း ပျက်ကျတော့မည့်အချိန်တွင် လေယာဉ်ကိုယ်ထည်အပြင်ဘက်မှ Air Bag ကြီးများ ထွက်လာပြီး လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်မည်ဖြစ်ပြီး ယင်းမှာ စိတ်ကူးယဉ်ဆန်သည့် သိပ္ပံဇာတ်ကားတစ်ကားကဲ့သို့ အထင်ရှိရသော်လည်း ယခုအချိန်တွင် ဒူဘိုင်းမှအင်ဂျင်နီယာ ကျောင်းသားနှစ်ဦးက 'Project REBIRTH' ဆိုသည့်အမည်ဖြင့် ၎င်းတို့၏ စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်နေကြောင်း သိရသည်။
BITS Pilani Dubai မှ အဆိုပါ အင်ဂျင်နီယာ ကျောင်းသားနှစ်ဦးဖြစ်သည့် Eshel Wasim နှင့် Dharsan Srinivasan တို့သည် လေယာဉ်စီးခရီးသည်ပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ရန် ရည်ရွယ်ပြီး Air Bag ကြီးများကို တီထွင်ခြင်းဖြစ်သည်။ ယင်းစနစ်တွင် ပါဝင်သည့် AI သည်လေယာဉ်ပေ ၃ဝဝဝ အောက်သို့ ရောက်ရှိလာပြီး အန္တရာယ်ရှိတော့မည်ဆိုသည်နှင့် နှစ်စက္ကန့်အတွင်း၌ပင် လေယာဉ်အပြင်ဘက်မှ Air Bag ကြီးများက အလိုအလျောက် ဖွင့်ပေးမည်ဖြစ်သည်။
ယခု တီထွင်နေသည့် Air Bag ကြီးများသည် သေနတ်ဒဏ်ကိုပင် ခံနိုင်သည့် Kevlar ကဲ့သို့ အကြမ်းခံပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ကွန်ပျူတာစမ်းသပ်ချက်များအရ ပျက်စီးမှုကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း၊ ပျက်ကျပြီးနောက်တွင်လည်း ကယ်ဆယ်ရေးအဖွဲ့များက အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် GPS၊ အနီအောက်ရောင်ခြည်အချက်ပြမီးနှင့် ဆေးရောင်တောက် တောက်လို နည်းပညာများလည်းထည့်သွင်းထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါစီမံကိန်းသည် ရှေ့ပြေးပုံစံငယ်အဆင့်၌သာ ရှိနေသေးပြီးကမ္ဘာကျော် James Dyson Award ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း နှင့် 'ProjectREBIRTH' သာ အောင်မြင်သွားမည်ဆိုပါက လေယာဉ်ပျက်ကျမှုများကို ကြောက်စရာမလိုတော့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Source; Fossbytes