❝ထိုင်းမှာဖြစ်ပွားတဲ့ မြေပြိုမှုဖြစ်စဉ်နဲ့ပတ်သက်လို့ အောက်ဆင်းစစ်ဆေးချိန် ထပ်မံပြိုကျလို့ အလုပ်သမားတွေကို ကယ်တင်ခဲ့ရ❞

စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Vajira ဆေးရုံရှေ့က Samsen လမ်းမကြီးမှာ ဒီကနေ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မြေပြိုကျမှုဖြစ်စဥ်နေရာကို အလုပ်သမားတွေက အောက်ဆင်းပြီးစစ်ဆေးနေချိန်မှာ မြေတွေထပ်မံပြိုကျလာတဲ့အတွက် အရေးပေါ် အသက်ကယ်ကြိုးတွေနဲ့ အမြန်ပြန်လည် ဆွဲတင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ လမ်းမကြီး ယခုလို မြေပြိုကျရတာဟာ မြေအောက်ရထားဘူတာရုံအသစ်အတွက် ဆောက်လုပ်ရေးနေရာက ဥမင်လိုဏ်ခေါင်းပေါက်တာကြောင့် ဖြစ်တယ်လို့ ဘန်ကောက်အုပ်ချုပ်ရေးမှူး ချဒ်ချပ် စစ်တီပန့် (Chadchart Sittipunt)က ပြောဆိုထားပြီး မြေတွင်းထဲမှာ ပိတ်မိနေတဲ့ Toyota Hilux Revo ကားကို အရေးပေါ်အဖွဲ့တွေက ကရိန်းနဲ့ ဆွဲတင်ထားနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

အလားတူ လမ်းပေါ်မှာ ပြုတ်ကျလုဆဲအနေအထားနဲ့ တင်နေခဲ့တဲ့ ကားတစ်စကိုလည်း ဆွဲယူထားခဲ့ပြီးဖြစ်သလို လက်ရှိမှာ အခြေအနေကို စောင့်ကြည့်ဖို့ မောင်းသူမဲ့လေယာဉ် (Drone) တွေနဲ့ စစ်ဆေးနေပြီး ဒီနေ့မွန်းလွဲပိုင်းအထိ မြေပြိုမှုတွေ ထပ်မံဖြစ်ပေါ်နေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီမြေပြိုမှုကြောင့် ဗာဂျီရာ (Vajira) လမ်းဆုံက‌နေ ဆန်ဂီ (Sanghi) လမ်းဆုံနဲ့ အနီး တစ်ဝိုက်က ကားလမ်းတွေကို ယာယီ ပိတ်ထားရသလို Vajira ဆေးရုံက လူနာတွေနဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားပြီး ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမယ့် လမ်းအောက်က ၁,၂၀၀ မီလီမီတာရှိတဲ့ ရေပိုက်ကြီးနဲ့ လျှပ်စစ်မီးတိုင်အချို့ ပျက်စီးခဲ့တာကြောင့် နေရာ ၃၁ ခုမှာ လျှပ်စစ်မီးနဲ့ ရေပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
image
image
image