ကျွန်တော်တို့ လူသားတွေရဲ့သမိုင်းမှာ ကမ္ဘာ့ပထမဆုံးအဖြစ်ရိုက်ကူးနိုင်ခဲ့တဲ့တွင်းနက်တစ်ခုရဲ့ ဓာတ်ပုံကိုတော့ EHT (Event horizon telescope ) လို့ခေါ်တဲ့ ကမ္ဘာတစ်ဝန်းက ရေဒီယိုတယ်လီစကုတ်ရှစ်ခုကို အသုံးပြုပြီး ၂၀၁၇ ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်။
ဒီတွင်းနက်တစ်ခုရဲ့ပထမဆုံးပုံကိုတော့သိပ္ပံပညာရှင်တွေ က ၂၀၁၉ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပေးခဲ့တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပြီဖြစ်ပါတယ်။
ဒီတွင်းနက်ကြီးကိုတော့ M87* လို့နာမည်ပေးထားပြီး ကမ္ဘာနဲ့ အလင်းနှစ် ၅၅သန်းအကွာ M87 ဂလက်ဆီရဲ့အလယ်ဗဟိုမှာ တည်ရှိနေတဲ့ SMBH လို့ခေါ်တဲ့ ဧရာမတွင်းနက်ကြီးတစ်ခုပဲဖြစ်ပါတယ်။
တွင်းနက်တစ်ခုကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့တာ ဟာ လူသားတွေရဲ့ အာကာသသိပ္ပံဆိုင်ရာ အောင်မြင်မှု မှတ်တိုင်တစ်ခုပဲဖြစ်ပြီး ဒီတွင်းနက်ဓာတ်ပုံ ကိုလေ့လာကြတဲ့ သုတေသနစာတမ်းနဲ့ အချက်အလက်များစွာ ကလည်းနောက်ဆက်တွဲအဖြစ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ ရိုက်ကူးယူခဲ့ပြီးနောက်ပိုင်းမှာလည်း ဒီတွင်းနက်ကြီးရဲ့အချက်အလက်တွေကို ထပ်မံ ရိုက်ကူးယူခဲ့ပြန်ပါသေးတယ်။ဒီကနေ တဆင့်သိလာရတာကတော့ ဒီတွင်းနက်ကြီးရဲ့ သံလိုက်စက်ကွင်းလမ်းကြောင်းတွေဟာ အမြဲတမ်းပုံသေဖြစ်နေတာမဟုတ်ပဲ အမြဲတစေပြောင်းလဲနေတယ်ဆိုတာပါ။
၂၀၁၇ ခုနစ်ကပုံမှာ တစ်ဖက်ကို သံလိုက်စက်ကွင်းလမ်းကြောင်းတွေက စီးဆင်းနေပြီး ၂၀၂၁ ခုနှစ်မှာရိုက်ခဲ့တဲ့ ပုံမှာတော့ နောက်ဆန့်ကျင်ဘက်လမ်းကြောင်းကို တစ်ဖန် ထပ်မံစီးဆင်းနေပြန်ပါတယ်။
နောက်ပြီး တွင်းနက်ကို လှည့်ပတ်နေတဲ့ ပလာစမာအပူငွေ့များရဲ့ အရှိန်ကလည်း အလင်းအလျင်နီးပါးရှိနေတာကိုလည်း အံဩဖွယ်လေ့လာသိရှိရပါတယ်။ဒီလို ဖြစ်ပေါ်ရတဲ့ အခြေခံအကြောင်းအရာကိုတော့ သိပ္ပံပညာရှင်တွေက ထပ်မံအချက်အလက်များစုဆောင်းဖို့လည်းပြင်ဆင်နေကြပါတယ်။
၂၀၁၇ခုနှစ်က တွင်းနက်တွေရဲ့ဓာတ်ပုံကိုရိုက်ယူနိုင်ခဲ့တဲ့ EHT တယ်လီစကုတ် ပရောဂျက်ရဲ့ စုစုပေါင်း ရေဒီယိုတယ်လီစကုတ်အရေအတွက်ဟာ ရှစ်ခုသာရှိခဲ့ပြီး အခု ၂၀၂၅ ခုနှစ်မှာတော့ ၂၅ ခုအထိတိုးတက်လာခဲ့တာမို့ သိပ္ပံပညာရှင်တွေလိုအပ်မယ့် အချက်အလက်တွေကို နောက်ပိုင်းမှာ ပိုမိုလေ့လာဖို့အထောက်အကူဖြစ်ပါလိမ့်မယ်။
M87* တွင်းနက်ကြီးဟာ နေရဲ့ ဒြပ်ထုအဆပေါင်း သန်းပေါင်း ၆၀၀၀ ခန့် ရှိပြီး သူ့ဆီက အပူဓါတ်ငွေ့နဲ့ ဓါတ်ရောင်ခြည်လှိုင်းများကိုလည်းထုတ်လွှင့်နေတဲ့ သက်ဝင်လှုပ်ရှား ဧရာမတွင်းနက်ကြီးတစ်ခုလည်းဖြစ်ပါသေးတယ်။

image