သန်လျင်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် ဆီဆိုင်နှင့် ဆီဘောက်ဆာကား မီးလောင်မှုအတွင်း လူ ၃ ဦးဒဏ်ရာပြီး ဆီဆိုင်ပိုင်ရှင်ကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထား

စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗိုလ်ချုပ်နေဝင်းလမ်းထောင့်၌ စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီ ၁၃ မိနစ်အချိန်က ဖြစ်ပွားခဲ့သော စက်သုံးဆီဆိုင်နှင့် ဆီဘောက်ဆာကား မီးလောင်မှုအတွင်း လူ ၃ ဦး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးခဲ့ရာ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးပွားထွက်ကာ ဒီဆယ်ဆီချနေသည့် ဆီဘောက်ဆာကားကို မီးလောင်မှုဖြစ်စေခဲ့ပြီးနောက် စက်သုံးဆီအရောင်းဆိုင်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းမီးလောင်မှုကြောင့် အသက် ၃၈ နှစ်အရွယ်ရှိ ဆီဆိုင်ပိုင်ရှင် ယာဥ်မောင်း ဦးရဲထက် ဆိုသူမှာ ခန္ဓာကိုယ် ညာဘက်အခြမ်း မီးဟပ်ခံရသလို အသက် ၂၃ နှစ်အရွယ် ဆီဆိုင်လုပ်သားတစ်ဦးတွင် ဘယ်ဘက်နှင့်ညာဘက်ရှိ လက်၊ ခြေသလုံး၊ လက်ဖျံတို့တွင် မီးဟပ်ခံရပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိသော်လည်း အသက် ၁၅ နှစ်အရွယ် ဆီဆိုင်လုပ်သားတွင် ဘယ်နှင့်ညာ ခြေသလုံး၊ ဝမ်းဗိုက်၊ ဦးခေါင်းတို့မီးလောင်ခံရသဖြင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၃၈ နှစ်အရွယ်ရှိ ဆီဆိုင်ပိုင်ရှင် ဦးရဲထက်ဆိုသူကို သန်လျင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ၂၈၅၊ ၃၃၈၊ ၃၃၇တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

#centralnewsnaypyitaw

image
image
image