#နိုင်ငံတကာသတင်း
◼ဘန်ကောက်မြို့ဆေးရုံရှေ့တွင်ဧရာမ မြေကျွံကျင်း ဖြစ်ပေါ်၊ လူနာများနှင့်တိုက်ခန်းနေသူများအားအရေးပေါ်ရွှေ့ပြောင်းခဲ့ရ
ဘန်ကောက်မြို၌ ယနေ့ နံနက်က ဆေးရုံတစ်ခုရှေ့တွင် ကြီးမားသော မြေကျွံကျင်းကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် ယာဉ်အသွားအလာပိတ်ထားခြင်း ၊ဘေးလွတ်ရာကယ်ဆယ်ခြင်းများ လုပ်ဆောင်ခဲ့ရကြောင်းသတင်းများအရ သိရသည်။
ယင်းဖြစ်ရပ်ကြောင့်ဆေးရုံမှလူနာများနှင့် အနီးအနားတွင် တိုက်ခန်းများတွင်နေထိုင်သူများအား ဘေးကင်းရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးမှုများလုပ်ဆောင်ခဲ့ရကြောင်း သည်နေရှင်းသတင်းစာ က ဖော်ပြသည်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၊ ဒူဆစ်ခရိုင် မှ ဝဇီရာဆေးရုံပြင်ပ၌ နံနက် ၇ နာရီ ၁၅ မိနစ်တွင် လမ်းမကြီးအပြည့် မြေကြီးကျွံဝင်သွားပြီး ကြီးမားသော ကျင်းကြီးဖြစ်ပေါ်ခဲ့ကာ အစွန်းတစ်နေရာတွင် အဖြူရောင်ထရပ်ကားတစ်စီး ရပ်ထားသည်ကို မြင်တွေ့ရသည်။
ဝဇီရာရထားဘူတာသစ်အတွက် ဆောက်လုပ်ရေးလုပ်ဆောင်နေသည့် မြေအောက်လိုဏ်ခေါင်းမှ ယိုစိမ့်မှုဖြစ်ပေါ်ခဲ့ပြီးနောက် မြေကျွံကျင်းကြီး ဖြစ်ပေါ်လာခဲ့ရကြောင်း ဘန်ကောက်အုပ်ချုပ်ရေးမှူး ချက်ချတ်ဆစ်တီပန့်က ထိုင်းမီဒီယာများကို ပြောကြားသည်။
အဆိုပါဖြစ်စဉ်ကြောင့်လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း အာ ဏာပိုင်များက ပြောကြားကြသည်။
ကနဦး လေ့လာတိုင်းတာမှုများအရ မြေကျင်းကြီးသည် မီတာ ၃၀ ခန့် ကျယ်ပြီး မီတာ ၅၀ ခန့် နက်ရှိုင်းကြောင်းနှင့် ဆက်လက်၍လည်း ကျယ်ပြန့်နေရာ ဝဇီရာဆေးရုံ နှင့် အနီးအနားမှ ဆမ်ဆင် ရဲစခန်းရှေ့နားအထိ ထိခိုက်နေကြောင်း သိရသည်။
ယင်းဖြစ်ရပ်ကြောင့် ဝဇီရာလမ်းဆုံမှ ဆန်ဂီလမ်းဆုံ အထိ နှင့် ပတ်ဝန်းကျင်လမ်းများတွင် ယာဉ်သွားယာဉ်လာ ပိတ်ထားကြောင်း သတင်းကဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား- CNA/ The Nation