"သတိထားရမယ့် အင်အားကြီး စူပါတိုင်ဖုန်း ရာဂါဆာ"
ရာဂါဆာ တိုင်ဖုန်းဆိုတာ အခုလတ်တလောမှာ တောင်တရုတ်ပင်လယ်အတွင်းက နိုင်ငံဒေသတွေအတွက် အရေးပေါ်အခြေအနေကြေညာထားရတဲ့ အင်အားကြီးတိုင်ဖုန်းမုန်တိုင်းတစ်ခုဖြစ်ပါတယ်။
သူက Category အနေနဲ့ အဆင့်ငါး ရှိတဲ့ ဟာရီကိန်းမုန်တိုင်းနဲ့ အဆင့်တူရှိပြီးတော့ အခုနှစ်၂၀၂၅ အတွင်းမှာတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲက အကြီးဆုံးအပူပိုင်းမုန်တိုင်းကြီးဖြစ်ပါတယ်။
တိုင်ဖုန်း၊ဟာရီကိန်း၊ဆိုင်ကလုန်းဆိုတာ ဖြစ်ပေါ်တဲ့နေရာဒေသတွေအလိုက် နာမည်သာကွဲပြားကြတာဖြစ်ပြီး တကယ်တော့ အားလုံးဟာ အပူပိုင်းမုန်တိုင်းတွေကြီးပါ။
ကမ္ဘာကြီးပိုမို ပူနွေးလာတဲ့အတွက် ပင်လယ်ရေမျက်နှာပြင်တွေရဲ့ အပူချိန်ကလည်း မြင့်တက်လာပါတယ်။ ဒီလိုမုန်တိုင်းတွေဟာ ပူနွေးတဲ့ပင်လယ်ရေကနေ စွမ်းအင်တွေကို ရယူတာဖြစ်လို့ ပင်လယ်ရေတွေ ပိုပူလာလေ၊ မုန်တိုင်းတွေကလည်း ပိုပြီး အားကောင်းလာလေ ဖြစ်ပါတယ်။ ဒါကြောင့် မုန်တိုင်းတွေရဲ့ လေတိုက်နှုန်း၊ မိုးရွာသွန်းမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေကလည်း ပိုမိုပြင်းထန်လာပါတယ်။
အခုလောလောဆယ်တော့ ရာဂါဆာဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ထိုင်ဝမ် ကို ဝင်ရောက်တိုက်ခတ်ပြီးသွားပြီး တရုတ်နိုင်ငံ ကွမ်တုံး ပြည်နယ်ကို လာမယ့် ဗုဒ္ဓဟူးနေ့ မှာဝင်ရောက်တိုက်ခတ်တော့မှာဖြစ်ပါတယ်။
တရုတ်အာဏာပိုင်တွေအနေနဲ့ကတော့ ဒါဟာ ကြီးမားတဲ့သဘာဝဘေးအန္တရာယ်တစ်ခု ကြုံရတော့မှာမလို့ သတင်းထုတ်ပြန်ထားပြီး လူပေါင်း ၃၇၀,၀၀၀ လောက်ကို ဘေးလွတ်ရာနေရာဒေသတွေ ကိုရွေ့ပြောင်းပေးနေပါတယ်။စာသင်ကျောင်းတွေနဲ့ ရုံးတွေအကုန်ပိတ်ထားပြီးတော့ လေယာဉ်ပျံသန်းခရီးစဉ် ၅၀၀ လောက်ကိုလည်း ယာယီရပ်ဆိုင်းထားရပါတယ်။
ဒီမုန်တိုင်းကြီး Ragasa ဆိုတဲ့နာမည်ဟာ ဖိလစ်ပိုင်ဘာသာစကားမှာ "လျင်မြန်သော လှုပ်ရှားမှု" လို့ အဓိပ္ပာယ်ရပါတယ်။ ဖိလစ်ပိုင်မှာတော့ ဒီမုန်တိုင်းကို "Nando" လို့ ဒေသတွင်းအမည်ပေးခဲ့ပါတယ်။ စတင်ပြီးသိပ်မကြာခင်ပဲ စူပါတိုင်ဖုန်း အဆင့်ကို ရောက်သွားပြီး နာမည်နဲ့လိုက်အောင်ပဲ သူ့ရဲ့လေတိုက်နှုန်းက တစ်နာရီလျှင် ၁၆၈ မိုင်အထိရှိခဲ့ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ ကိုတော့ တိုက်ရိုက်ဝင်ရောက်မှာမဟုတ်ပေမယ့် ဒီ တိုင်ဖုန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ လေထု အပြောင်းအလဲတွေဟာ ဘင်္ဂလားပင်လယ်အော်မှာ ရေငွေ့တွေ ပိုများလာစေပြီး အနောက်တောင် မုတ်သုံလေကို ပိုမိုအားကောင်းစေနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ပုံမှန်ထက် မိုးပိုရွာသွန်းတာမျိုး၊ မိုးရွာသွန်းမှု ပိုပြင်းထန်တာမျိုး ဖြစ်လာနိုင်ပါတယ်။
လက်ရှိအချိန်အထိ မုန်တိုင်းလမ်းကြောင်းကြိုတင်ခန့်မှန်းချက်များအရ မုန်တိုင်းအကြွင်းအကျန်များသည် လာအိုနိုင်ငံတောင်ပိုင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ စတင်ဝင်ရောက်နိုင်ပြီး မိုးအသင့်အတင့်မှ မိုးများနိုင်၊ မိုးသည်းထန်နိုင်မှာဖြစ်ကြောင်းကိုလည်း မိုးလေဝသပညာရှင် တွေက ခန့်မှန်းထားပါတယ်။
ဒါကြောင့် ဒီဒေသတွေမှာ နေထိုင်နေကြတဲ့ မိဘ ပြည်သူလူထုအနေနဲ့ မုန်တိုင်းအကျန် မိုးရေကြီးမှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိထားကြဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ မိုးလေဝသပညာရှင်တွေက အထူးတိုက်တွန်းထားပါတယ်။