အီရန်သင်္ဘောလိုင်းတက်ဖို့သွားတဲ့ မြန်မာသင်္ဘောသားလူသစ်အချို့ ကိုယ့်လေယာဉ်လက်မှတ်ကိုယ်ဝယ်ပြီးပြန်လာရ

စက်တင်ဘာ ၂၄

အီရန်သင်္ဘောလိုင်းတက်ရမယ်ဆိုပြီး မြန်မာသင်္ဘောသားလူသစ်လူဦး ရေအယောက် ၂ဝ ခန့်ဟာ အေးဂျင့်ပွဲစားရဲ့ ပို့ဆောင်မှုနဲ့ ယခုနှစ်ဆန်းပိုင်းအတွင်းက ထိုင်းနိုင်ငံသို့သွားရောက်ခဲ့တာဖြစ်ပြီး အဲဒီထိုင်းနိုင်ငံမှာ သင်္ဘောမတက်ရပဲ လအတန်ကြာ သောင်တင်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"ပို့ပေးတဲ့အေးဂျင့်က လူသစ်သင်္ဘောသားတွေကိုသင်္ဘောပေါ်တက်ရမယ် Transit ၂ ရက်ပဲကြာမယ်ဆိုပြီး တခြားနိုင်ငံမှာသောင်တင်ခဲ့တာ အကြာကြီးပဲ။ သူတို့လည်းဟိုမှာအတော်ဒုက္ခရောက်ခဲ့ကြတယ်။ အခုအလုပ်အကိုင်‌တွေအဆင်မပြေလို့ ပြန်လာတဲ့သူတွေပြန်လာကြပြီ"လို့ နစ်နာသူကာယကံ ရှင်မိသားစုဝင်တွေကပြောပါ တယ်။

မြန်မာသင်္ဘောသား လူသစ်အချို့ဟာ ကိုယ့်လေယာဉ်လက်မှတ်ကိုယ်ဝယ်ပြီးပြန်လာရပြီဖြစ်တယ်လို့ ကာယကံရှင်မိသားစုဝင်တွေက VOM ကိုပြောပါတယ်။

"တချို့တွေပြန်လာကြပြီ။ သုံး၊လေးယောက်လောက်ရှိပြီပြန်‌ရောက်နေကြတာ။ ကိုယ့်လေယာဥ်လက်မှတ်ကိုယ့်ဘာသာဝယ်ရတယ်။ သူတို့ဝယ်ပေးတယ်ဆိုရင်လည်း လစာထဲကလေယာဥ်လက်မှတ်ဖိုးဖြတ်တယ်ဆိုတော့ ဘာမှမထူးဘူးလေ။ တချို့တွေဆိုမြန်မာပြည်ရောက်မှ လစာပေးမယ်ဆိုပြီး အခုထိမရကြသေးဘူး။အရင်းတောင်မကျေတဲ့အပြင် သူများနိုင်ငံမှာပင်ပန်းဆင်းရဲပြီးအလကားသွားလုပ်ပေးသလိုဖြစ်နေတယ်"လို့ နစ်နာသူကာယကံရှင်မိသားစုဝင်တယောက်က ပြောပါတယ်။

လူသစ်သင်္ဘောသားတယောက်ရဲ့ ပြည်ပသင်္ဘောကိုတက်ဖို့ အေးဂျင့်ကိုပေးရတဲ့အဖိုး အခကအမေရိကန်ဒေါ်လာ ၃ဝဝဝ ကနေ ၃၅ဝဝ အထိပေးဆောင်နေရတာဖြစ်တယ်လို့ဆိုပါတယ်။

ဒီငွေပမာဏဟာလူသစ်သင်္ဘော သားတွေအတွက်တော့အလွန်များပြားတဲ့ ပမာဏတခုဖြစ်တယ်လို့ ကာယကံရှင်မိသားစုဝင်တွေက ပြောပါတယ်။

ဝါရင့်သင်္ဘောသားဟောင်းကြီးတယောက်ကတော့ "ဒီလိုမျိုးအဖြစ်အပျက်တွေဟာ ဒီခေတ်မှမဟုတ်ဘူး။ သင်္ဘောသားလောကမှာ ဟိုးယခင်ခေတ်တွေထဲကအလိမ်အညာတွေများခဲ့တာပါ။ လူသစ်သင်္ဘောသားတွေမှမဟုတ် ယခင်လူဟောင်းသင်္ဘောသားတွေကအစ အေးဂျင့်ပွဲစားတွေရဲ့မလိမ့်တပတ်အလိမ်အညာကို အကြိမ်ကြိမ်ခံနေရတယ်"လို့ သူက ပြောပါတယ်။

ဒါကြောင့် မြန်မာသင်္ဘောသားလူသစ်တွေအနေနဲ့သင်္ဘောတက်ဖို့ပြင်ဆင်ကြတဲ့အချိန်မှာ သင်္ဘောနာမည်မသိရသေးပဲ ပွဲစားစကားကိုယုံပြီး စာချုပ်ချုပ်တာ ငွေပေးဆောင်တာတွေကိုမလုပ်ကြဖို့ပို့ ဆောင်ပေးတဲ့ သင်္ဘောကုမ္ပဏီက တရားဝင်မှတ်ပုံတင်ထားခြင်းရှိမရှိ ဒါတွေကိုသေချာစစ်ဆေးစုံစမ်းပြီးမှ စာချုပ်ချုပ်လုပ်ကိုင်ကြဖို့ဝါရင့်မြန်မာသင်္ဘောသားကြီးတွေက အကြံပြုထားပါတယ်။

အဲဒါအပြင် အီရန်သင်္ဘောလိုင်းတွေကို တက်ဖို့မလွယ်ကူတဲ့ သင်္ဘောလိုင်းတခုထဲမှာပါတယ်လို့ မြန်မာသင်္ဘောသားတွေကပြောပြပါတယ်။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ရဲ့အချက်အလက်တွေအရမြန်မာနိုင်ငံမှာ တရားဝင်သင်္ဘောသားအဖြစ်မှတ်ပုံတင်ထားသူက ၁ သိန်း ၃ သောင်းကျော်လောက်ရှိပြီးလူဦး ရေ ၅ သောင်းလောက်သာသင်္ဘောပေါ်အတက်အဆင်းလုပ်နေကြတယ်လို့လည်း သိရပါတယ်။

Photo - VOM

ပုံစာ - မြန်မာ့ရေပိုင်နက်ရန်ကုန်မြစ်အတွင်းမှာတွေ့ရတဲ့ကုန်သွယ်ရေ ကြောင်း ပင်လယ်ကူးသင်္ဘောတစင်း။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image